မိုးညှင်း ၆ ဇူလိုင်
ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားမှုရှိသော်လည်း အသေအပျောက်မရှိကြောင်းနှင့် ဒေသခံများ စိုးရိမ်ပူပန်ကြသော်လည်း ကြိုတင်ကာကွယ်ဆေး ထိုးနှံပေးရန်နှင့် အသိပညာပေး ဟောပြောပွဲများပြုလုပ်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
"ကျွန်မတို့ လက်ဘက်ရည်ဆိုင်က အလုပ်သမားတွေ ဆင်တုပ်ကွေးဖျားနေလို့ ဆိုင်ကိုခဏပိတ်ထားရပါတယ်။ စိုးရိမ်ပူပန်စရာတော့ မလိုပါဘူး၊ မကြာခင်ပြန်ကောင်းလာမှာပါ"ဟု အဆိုပါ လက်ဘက်ရည်ဆိုင်ရှင်က ပြောသည်။
မိုးညှင်းမြို့ဘူတာအနီးမှ ဈေးသည်တစ်ဦးကလည်း "ကျွန်မတို့ဈေးဆိုင်မှာ အရောင်းစာရေးမ ၃ ဦးကလည်း ဆင်တုပ်ကွေးဖြစ်နေလို့ အလုပ်ခဏနားထားပါတယ်"ဟု အဆိုပါဈေးဆိုင်မှ အရောင်းစာရေးမ တစ်ဦးက ပြောပြသည်။
မိုးညှင်းမြို့တွင် ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ပညာရေးဘော်ဒါဆောင်အချို့တို့တွင် ဆင်တုပ်ကွေးရောဂါဖြစ်ပွားနေပြီး ဖြစ်ပွားသူများမှာ စိုးရိမ်စရာမရှိကြောင်း သိရသည်။
"ကျွန်တော်လည်း ဆင်တုပ်ကွေးဖြစ်နေတာပါ။ လွန်ခဲ့တဲ့ ၃ ရက်လောက်က ညနေမိုးချုပ်ခါနီး ရေချိုးမှားရာကနေ အအေးပတ်ဖျားပြီးတော့ ဖြစ်ခဲ့တာပါ။ ကိုယ်ခံအားနည်းလို့ ထင်ပါရဲ့၊ အခုတော့လည်း သက်သာလာပါပြီ၊ အနားယူနေပါတယ်။ မကြာခင်ပြန် ကောင်းသွားမှာပါ" ဟု သတင်းထောက် ဆွတ်မာန်ငိုင်းက ပြောသည်။
"ကျွန်တော်ကတော့ အဲဒီတုပ်ကွေးဖြစ်မှာစိုးလို့ ကြိုတင်ကာကွယ်ဆေး ထိုးထားပါတယ်။ ဒီရောဂါက ဘာမှစိုးရိမ်စရာမရှိပါဘူး။ ၄ ရက် ၅ ရက်လောက် ဆရာဝန်နှင့် စနစ်တကျကုသရင် ပြန်ကောင်းသွားမှာပါ။ မစိုးရိမ်ကြပါနဲ့ ကူးစက်တာမြန်သလို ပျောက်ကင်းဖို့လည်း မြန်ပါတယ်" ဟု သတင်းထောက် ဦးစိန်အောင်က ပြောသည်။
အဆိုပါတုပ်ကွေးရောဂါမှာ အစားအသောက်၊ အနေထိုင်ကြောင့်လည်းကောင်း၊ ငှက်ဖျားခြင်များကြောင့် လည်ကောင်း၊ ရေချိုးမှား၍ အအေးပတ်ခြင်းကြောင့် လည်ကောင်း၊ ၎င်းရောဂါဖြစ်ပွားကြသူများနှင့် အနီးကပ်နေထိုင်ခြင်းဖြင့် ၎င်းရောဂါဖြစ်ပွားသူများ၏ ရှူသွင်း/ထုတ် လေမှတစ်ဆင့် ဗိုင်းရပ်ပိုးဝင်ရောက်ခြင်းဖြင့် လည်ကောင်း ရောဂါကူးစက်နိုင်ပြီး ၎င်းရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရန် ကြိုတင်ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ရောဂါဖြစ်ပွားသည်ဟု သိရှိရပါက ဆေးရုံ၊ ဆေးခန်း၊ ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် ပြသကာ စနစ်တကျကုသရန် လိုအပ်ကြောင်း၊ ယခုအချိန်ထိ ၎င်းဆင်တုပ်ကွေးရောဂါဖြင့် မိုးညှင်းမြို့တွင် သေဆုံးသူမရှိကြောင်း ကျန်းမာရေးစစ်တမ်းများအရ သိရသည်။
ဝ၇၈


