မြစ်ကြီးနား ၆ ဇူလိုင်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစိုးရသက်တမ်းတာဝန်ယူမှု တတိယတစ်နှစ်တာ ကာလအတွင်း ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး စသည့် ကဏ္ဍအသီးသီးအား ပြည်သူများသိရှိနိုင်ရန် သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၅ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မိမိတို့အစိုးရအဖွဲ့မှ တာဝန်ယူခဲ့သည့် (၃)နှစ်တာကာလအတွင်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား အများပြည်သူတို့ သိရှိနိုင်ရန်နှင့် သတင်းမီဒီယာတို့၏ သိလိုသည်များကို ဖြေကြားပေးနိုင်ရေးအတွက် ယခုကဲ့သို့ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးဝေလင်းက ကချင်ပြည်နယ်အစိုးရအဖွဲ့၏ တတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် သတင်းမီဒီယာများမှ ကချင်ပြည်နယ်အတွင်း အများပြည်သူ စိတ်ဝင်စားလျက်ရှိသည့် တစ်သျူးငှက်ပျော စိုက်ပျိုးခြင်းလုပ်ငန်း၊ လိုင်စင်မဲ့ယာဉ်များ ခရီးသည်တင်ဆောင်ပြေးဆွဲခြင်းအား ဖမ်းဆီးအရေးယူမှု ကိစ္စရပ်များ၊ မြစ်ကြီးနားမြို့ပေါ်တွင် ဓားထောက်လုယက်မှုများ၊ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပြဿနာများ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းရေးရာဝန်ကြီးဌာနများ၏ တိုင်းရင်းသားများ၏ အရေးအရာများ၊ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများနှင့် သိလိုသည်များအား မေးမြန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဖြေကြားခဲ့သည်။

လတ်တလော အများပြည်သူစိတ်ဝင်စားလျက်ရှိသည့် တစ်သျူးငှက်ပျော စိုက်ပျိုးခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် ဝန်ကြီးချုပ်က "တစ်သျူးငှက်ပျော စိုက်ပျိုးတဲ့လုပ်ငန်းက ပိတ်သိမ်းလိုက်မယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေ ဘာတွေဖြစ်လာမလဲ။ အရင်တုန်းကခွင့်ပြုတယ် အခုခွင့်မပြုဘူးဆိုတဲ့ လူမှုရေးပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ၂၀၁၆ ခုနှစ်ထဲက ဒီလုပ်ငန်းနဲ့ နေ့စားလုပ်နေသူတွေ အသက်မွေးဝမ်းကျောင်းပြုနေသူတွေက တစ်သိန်းခွဲ နှစ်သိန်းလောက်ရှိပါတယ်။ ဒီတစ်သိန်းခွဲ နှစ်သိန်းလောက်ရှိတဲ့ ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်သွားမယ်၊ စားဝတ်နေရေးတွေ ပြဿနာတက်မယ်။ အဲဒီတော့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ခိုး၊ ဆိုး၊ လုယက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းကို ပိတ်သိမ်းလို့မဖြစ်ဘူး၊ တရားဥပဒေလမ်းကြောင်းအတိုင်း ဖော်ဆောင်မှရမယ်လို့ ဆုံးဖြတ်ပြီး လုပ်ဆောင်နေခြင်းဖြစ်ပါတယ်" ဟု ဖြေကြားခဲ့သည်။

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသည့် သတင်းမီဒီယာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)