ဘားအံ ၇ ဇူလိုင်

 


ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လူထုလှုပ်ရှားမှု အသွင်တစ်ခုအနေဖြင့် တောင်သူများ ပူးပေါင်းပါဝင် ရွှေခရုကောက်ယူခြင်းဖြင့် စပါးဖျက်ရွှေခရုများကင်းရှင်းပြီး စပါးအထွက်နှုန်းတိုးရေး ရည်ရွယ်ပြီး ရွှေခရုကောက်ယူခြင်း ပြိုင်ပွဲကို ဇူလိုင် ၇ ရက် နံနက် ၈ နာရီက ဘားအံ-ထုံးအိုင်ကားလမ်းဘေးရှိ ဦးကံထူး၏ ရွှေခရုစမ်းသပ်လယ်မြေတွင် ကျင်းပသည်။

 


ရှေးဦးစွာ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်က တောင်သူများ ပူးပေါင်းပါဝင်သော ရွှေခရုစမ်းသပ်ကွက် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားပြီး ရွှေခရုစီမံကိန်းမန်နေဂျာ ဒေါက်တာညိုမီထွေးက ရွှေခရုနှင့်ပတ်သက်၍ ကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများအား ရှင်းလင်းပြောကြားသည်။ 

 


ဆက်လက်၍ ပြိုင်ပွဲဝင်အသင်း(၈)သင်းဖြစ်သော  မြိုင်ကလေး ကျေးရွာအသင်း၊ ဘားကပ်ကျေးရွာအသင်း၊ ရဲသာကျေးရွာအသင်း၊ ကော့ထမ္မလိန်းကျေးရွာအသင်း၊ ထောင်ဝိကျေးရွာအသင်း၊ ဘားအံစိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်) ကျောင်းသားကျောင်းသူများအသင်း၊ ပြည်နယ်စိုက်ပျိုးရေးဘတ်ဂျက် အသင်း၊ စိုက်ပျိုးရေး ဝန်ထမ်များအသင်းများက ယှဉ်ပြိုင်ချိန် မိနစ်(၃၀)အတွင်း ရွှေခရုအများဆုံး ကောက်ယူနိုင်ရေး ယှဉ်ပြိုင်ခဲ့ကြသည်။  


ပြိုင်ပွဲတွင် ပထမဆုရရှိသော ဘားအံစိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်) အသင်းအား ဆုငွေကျပ်တစ်သိန်း၊ ဒုတိယရရှိသော ပြည်နယ်စိုက်ပျိုးရေးဘတ်ဂျက် အသင်းအား ကျပ်ခုနစ်သောင်း၊ တတိယရရှိသော ရဲသာကျေးရွာအသင်းအား ဆုငွေကျပ် ငါးသောင်းနှင့် နှစ်သိမ့်ဆုရရှိသော ကျန်အသင်းများအား ဆုငွေကျပ် သုံးသောင်းစီ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 


နေမျိုးလွင်(ပြန်/ဆက်)