ဘားအံ ၇ ဇူလိုင်
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ဆင်စွယ်ကျေးရွာ၌ နေထိုင်သော အသက်(၂)နှစ်အရွယ် ကလေးငယ်တစ်ဦးတွင် ၂၀၁၉ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က အသွင်ပြောင်း ပိုလီယိုအကြောသေရောဂါပိုး တွေ့ရှိခဲ့ပြီး ထိုရောဂါပိုးကူးစက်မှုကို ဖြတ်တောက်ရန်ရည်ရွယ်၍ ရောဂါကူးစက်ပျံ့နှံ့နိုင်ချေများသော နေရာဒေသ/လူအုပ်စုများရှိသော မြို့နယ်(၁၂)မြို့နယ်တွင် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးသွားမည်ဖြစ်ရာ ဇူလိုင် ၇ ရက် နံနက် ၈ နာရီက ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းအစီအစဉ် ပြည်နယ်အဆင့်စတင်ခြင်း အခမ်းအနားကို ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်က ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များက ကလေးငယ်များအား အပိုဆောင်း ပိုလီယိုကာကွယ်ဆေးကို တိုက်ကျွေးခဲ့ကြသည်။
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးတွင် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းကို ယနေ့နံနက်မှစ၍ တစ်ပြိုင်နက်တည်း တိုက်ကျွေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဘားအံမြို့ပေါ်ရပ်ကွက်များရှိ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးရာ စုရပ်များသို့ လှည့်လည်ကြည့်ရှု၍ ကလေးငယ်များအား ကာကွယ်ဆေးတိုက်ကျွေးခဲ့ကြသည်။
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် မွေးစမှ အသက်(၁၅)နှစ်အထိ ကလေးများနှင့် ကရင်ပြည်နယ်၊ အခြားမြို့နယ် (၆)မြို့နယ်လုံး၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ် စုစုပေါင်း (၁၁)မြို့နယ်တွင် ရည်မှန်းမွေးစမှ (၅)နှစ်အထိ ကလေး စုစုပေါင်း(၃)သိန်းခန့်ကို ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးသွားမည်ဖြစ်ကြောင်း၊ ပိုလီယိုကာကွယ်ဆေး တိုက်ဖူးသည်ဖြစ်စေ၊ မတိုက်ဖူးသည်ဖြစ်စေ ရည်မှန်းသော ကလေးတိုင်းကို ကာကွယ်ဆေး အပိုဆောင်း(၃)ကြိမ်ဆက်တိုက် တစ်ကြိမ်နှင့် တစ်ကြိမ် (၂)ပတ်ခြား၍ တိုက်ကျွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


