လားရှိုး ၇ ဇူလိုင်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်းတိုက် ဓမ္မာရုံကြီး၌ ဇူလိုင်(၇)ရက် နံနက်(၉)နာရီက ကျင်းပသည့် လားရှိုးမြို့နယ်၊ နမ့်တွန်း၊ ဆုံကွယ်၊ ဟူးမွန်၊ မန်အိုင်၊ ဟန်နားကျေးရွာအုပ်စုတို့မှ တောင်သူ(၁၄၇)ဦးတို့အား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ပွဲသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အတွင်း၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များကို မြို့နယ်ပေါင်း (၅၅)မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၁၃၁၆)အုပ်စု၊ ကွင်းပေါင်း(၇၄၁၂)ကွင်း၊ တောင်သူပေါင်း (၆၉၈၅၆၇)ဦး၊ ဦးပိုင်ပေါင်း (၈၈၃၇၃၇)ခုနှင့် ဧရိယာဧကပေါင်း (၂၇၉၄၃၉၈)ဧက လျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ တောင်သူပေါင်း (၃၄၉၁၈၀)ဦး၊ ဦးပိုင်ပေါင်း (၄၅၀၈၀၇)ခုနှင့် ဧရိယာပေါင်း (၁၁၆၂၂၆၉)ဧက ထုတ်ပေးပြီးဖြစ်ကာ ထုတ်ပေးရမည့် ဦးပိုင်ပေါင်းအပေါ် (၅၁)ရာခိုင်နှုန်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နာက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အဖွဲ့ဝင်ဝန်ကြီးများက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များကို နမ့်တွန်းကျေးရွာအုပ်စုမှ တောင်သူ(၆၀)ဦး၊ ဆုံကွယ်ကျေးရွာအုပ်စုမှ တောင်သူ(၂၅)ဦး၊ ဟူးမွန်ကျေးရွာအုပ်စုမှ တောင်သူ(၄)ဦး၊ မန်အိုင်ကျေးရွာအုပ်စုမှ တောင်သူ(၁၉)ဦး၊ ဟန်နားကျေးရွာအုပ်စုမှ တောင်သူ(၃၉)ဦးတို့အား ပေးအပ်ရာ ကျေးရွာများ၏ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကျေးရွာနေတောင်သူများကိုယ်စား လက်ခံရယူပေးပြီး ကျေးရွာများကိုယ်စား ဆုံကွယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလူက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရပ်ကွက်(၁၂)၊ အဝေရာလမ်း၌ လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် လုပ်ငန်းခွင့်ပြုငွေကျပ် (၂၇ ဒသမ ၅၆၅)ကျပ်သန်းဖြင့် နရသိန်ကုမ္ပဏီက ဆောင်ရွက်ခဲ့သော ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းမှ အရှည်ပေ(၂၅၀ဝ)၊ အကျယ် (၁၂)ပေ၊ အမြင့်(၃)လက်မရှိ လမ်းပြီးစီးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များ မှာကြားခဲ့သည်။
ယင်းနောက် လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာအနီးရှိ အရှည်ပေ(၇၅၀)၊ အကျယ်ပေ(၃၀ဝ)၊ အမြင့်(၁၆)ပေရှိ ကုန်းပေါင်းဆည် (ခ) ဟိုပိတ်ဆည် (ခ) အောင်ချမ်းသာဆည် ဧက (၁၀ဝ) ခန့် သောက်သုံးရေအကျိုးပြုနိုင်ပြီး ရေလှောင်ပမာဏ ဂါလံ(၁၀ဝ ဒသမ ၄)သိန်းရှိ ဆည်အား ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့မှ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ တင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များနှင့် ဖြည့်ဆည်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)


