ရန်ကုန် ၇ ဇူလိုင်
တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ ရာသီတုပ်ကွေးရောဂါ Influenza A (H1N1) အပါအဝင် လေထုထဲမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအကြောင်း သိရှိနားလည်ပြီး ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်တတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ရာသီတုပ်ကွေးရောဂါ Influenza A (H1N1) ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များ၊ ဈေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များနှင့် လမ်းဆုံလမ်းခွနေရာများ အပါအဝင် လူစည်းကားရာ နေရာများတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်များတွင် ရာသီတုပ်ကွေးရောဂါနှင့် ပတ်သက်၍ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်တတ်သော နည်းလမ်းများ၊ မကူးစက်နိုင်အောင် ကာကွယ်နည်းများ၊ ရောဂါလက္ခဏာများ၊ ရောဂါဖြစ်ပွားတတ်သည့် အသက်အရွယ်၊ အပိုင်းအခြားများ၊ ရာသီတုပ်ကွေးရောဂါမှတစ်ဆင့် ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုများ၊ ရောဂါဖြစ်ပွားပါက ကုသနည်းများ၊ တစ်ကိုယ်ရေသန့်ရှင်းစွာ နေထိုင်ခြင်းများအကြောင်း အကျယ်တဝင့် အသိပညာပေး ရှင်းလင်းထားကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင် (တာမွေ)


