မန္တလေး ၇ ဇူလိုင်
မြန်မာမာရီယိုနက် သီရေတာ (Myanmar Mariorette Theature မြန်မာ့ရုပ်သေးဇာတ်ရုံ) နေရာအသစ် ပြောင်းရွှေ့ဖွင့်လှစ်ပွဲနှင့် စာနယ်ဇင်းမိတ်ဆက်ပွဲကို မန္တလေးတောင်ခြေ (၁၀)လမ်းတွင် ဇူလိုင် ၇ ရက် နံနက် ၉ နာရီက ကျင်းပသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟို (နာယကကြီး) ဦးရွှေမန်းတင်၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးဗဟို နာယက မာရီယိုနက် သီရေတာပိ်ုင်ရှင် ဒေါ်မမနိုင်နှင့် မန္တလေးတိုင်း သဘင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးပစ်တိုင်းထောင်တို့က မြန်မာမာရီယိုနက် သီရေတာ - မြန်မာ့ရုပ်သေးပွဲ ဇာတ်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆိုင်းပညာရှင် ဝိုင်းတော်သားများက အောင်စည်အောင်မောင်း တီးခတ်၍ အခမ်းအနားကို ကြိုဆိုဂုဏ်ပြုသည်။
ထို့နောက် မြန်မာနိုင်ငံ သဘင်အစည်းအရုံးနာယကကြီး ဦးရွှေမန်းတင်က အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားစာပေဆုရှင် စာရေးဆရာဆူးငှက်နှင့် အမျိုးသားစာပေဆုရှင် စာရေးဆရာမ ယဉ်ယဉ်နု(မန္တလေး)တို့က မုဒိသာစကားပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံသဘင် အစည်းအရုံးနာယက မြန်မာမာရီယိုနက်-သီရေတာပိုင်ရှင် ဒေါ်မမနိုင်က ရုပ်သေးသီရေတာ နေရာသစ်နှင့် ပတ်သက်ပြီး ရည်ရွယ်ချက်များနှင့် ရှေ့ဆက်လက်ပြီး အနုပညာလုပ်ငန်းများကို ဆက်လက်ပြောကြားသည်။
ယင်းနောက် ရုပ်သေးပွဲဖျော်ဖြေရေးအစီအစဉ်များနှင့် တင်ဆက်ရာ နတ်ကတော်အက၊ ခုနစ်ထွေမှန်ချပ်အက၊ အရုပ်ကြိုးအက၊ မြိုင်ဓနှစ်ပါးသွားအကတို့ဖြင့် ဖျော်ဖြေပြီး တက်ရောက်လာသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။
ခင်ခင်ဝင်း(ပညာရေး)


