ရန်ကုန် ၇ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် အနော်ရထာလမ်းနှင့် ဗိုလ်တထောင် ဘုရားလမ်း ထောင့်ရှိ မြသိန်းတန်ပရိယတ္တိစာသင်တိုက်အတွင်း ဆောက်လုပ်လှူဒါန်းပြီးသော ဘောဇနသာလာ သုံးထပ်ဆွမ်းစားကျောင်းတော်ကြီးဖွင့်ပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် အဆိုပါပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြသိန်းတန်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇာဂရနှင့် အလှူရှင် ကျောင်းဒါယကာကြီး သုဓမ္မမဏိဇောတဓရ ဦးထွန်းဖေနှင့်ဇနီးကျောင်းဒါယိကာမကြီး သီဟသုဓမ္မ သိင်္ဂီ ဒေါ်ညွန့်ညွန့်တို့က ဘောဇနသာလာသုံးထပ် ဆွမ်းစားကျောင်းတော်ကြီးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် အဘိဓဇအဂ္ဂ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြသိန်းတန်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တဇာဂရနှင့် အလှူရှင်တို့က ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် ရေစက်ချပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဗန်းမော်ဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အလှူရှင်မိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈာယ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဘဒ္ဒန္တ နာရဒါဘိဝံသ(လှရတနာ)ဆရာတော်အား အမှူးထား၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် မဟာဗောဓိဥယျာဉ် ဗုဒ္ဓခြေတော်ရာပါဒစေတီ ဂန္ဓကုဋီကျောင်းတော်အတွက် အလှူငွေ (၁၀၈)သိန်းကျပ်ကို အလှူရှင်မိသားစုက ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် တိပိဋကဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ စေတီယင်္ဂဏပဝရ သိရီမဟာ ဓမ္မဂုရု လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသထံမှ ပြည်ထောင်စုဝန်ကြီး၊ အလှူရှင် မိသားစုနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှ ပေးဝေကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


