ရန်ကုန်  ၇   ဇူလိုင် 

 

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့၊ ဗဟိုဆောက်လုပ်ရေးသင်တန်း ကျောင်း (သုဝဏ္ဏ)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမားနှင့် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ NSSA ကော်မတီဝင်များ၊ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ်ပြု ရေးကော်မတီမှတာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်ရေးဌာနများနှင့် ပုဂ္ဂလိကသင်တန်း ကျောင်းများမှကိုယ်စားလှယ်များ၊ အလုပ်ရှင်၊ အလုပ် သမားအဖွဲ့အစည်းများ၊ GIZ ၊ Swisscontact နှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရ လုပ်သားများ တက်ရောက်ကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလုပ်သား များကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေး အဖွဲ့ (NSSA)အနေဖြင့် လုပ်ငန်းခွင်တွင်းရှိ ကြီးကြပ် ရေးမှူးအဆင့်နှင့် ကြီးကြပ်ရေးမှူးအောက်ရှိ လုပ်သားများ၏ ကျွမ်းကျင်မှုကို စစ်ဆေးအကဲဖြတ် ရေးအတွက် တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း၊ ကျွမ်းကျင်မှုအဆင့်များကိုအဆင့် (၄) ဆင့်ခွဲခြားသတ်မှတ်၍ စစ်ဆေးလျက်ရှိကြောင်း၊ လက်ရှိတွင် ကျွမ်းကျင်မှုအဆင့် (၁) နှင့် အဆင့် (၂) တို့ကိုစတင်စစ်ဆေးအကဲဖြတ် နိုင်ခဲ့ကြောင်း၊ အဆင့် (၃) နှင့် အဆင့် (၄) ကိုဆက်လက် စစ်ဆေးအကဲဖြတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်သားများကို ၂၀၁၄ ခုနှစ်မှစ၍ လုပ်ငန်းကျွမ်းကျင်မှုအလိုက် စစ်ဆေးအကဲဖြတ်ခဲ့ရာ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ခုနှစ်၊ ဇွန်လအတွင်း မြန်မာနိုင်ငံတစ်ဝန်းမှဖြေဆိုသူပေါင်း(၁၃၄၄၅)ဦးရှိပြီး အမျိုးသား အဆင့်ကျွမ်းကျင်မှုအဆင့် (၁)နှင့် အဆင့် (၂)တွင် (၁၁၉၀ဝ)ဦးအောင်မြင်ခဲ့၍ ကျွမ်းကျင်လုပ်သားအဖြစ် အသိအမှတ်ပြု လက်မှတ်များထုတ်ပေးနိုင်ခဲ့ကြောင်း။

 

NSSA သည် လုပ်ငန်းခွင်စည်းကမ်း ကောင်းမွန်ပြီး စွမ်းဆောင်ရည်ထက်မြက်သည့် ကျွမ်းကျင်လုပ်သားများစဉ်ဆက်မပြတ် ပေါ်ထွန်း လာရေး၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေး အတွက် အခြေခံလိုအပ်ချက်ဖြစ်သောအရည်အချင်း ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒများချမှတ်ဆောင် ရွက်လျက်ရှိကြောင်း၊ အနာဂတ်အလုပ် အကိုင်ပြောင်းလဲမှု (Future of Work) နှင့်အတူ အလုပ် သမားများအတွက် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာလေ့ကျင့်မှုများနှင့် ကျွမ်းကျင်မှု ဆန်းစစ်မှုများအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်ရန်လိုကြောင်း၊ NSSA သည်ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်ကို အရည်အသွေးအာမခံချက်ရရှိရေး ISO 9001:2015 လက်မှတ် ရယူခဲ့ပြီး အာဆီယံနိုင်ငံများအတွင်း ကျွမ်းကျင်မှုစွမ်းရည် အပြန်အလှန် အသိအမှတ်ပြုနိုင်ရး (Mutual Recognition of Skill) ကို ISO အကူအညီဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့ ဈေးကွက်တွင် Industrial 4.0 အတွက် ပြင်ဆင်နေကြပြီးနည်းပညာပြောင်းလဲမှုနှင့်အတူ Green Skill အပါအဝင်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေး ပါပြောင်းလဲရန်လိုအပ်၍ အမျိုးသားအဆင့်လုပ်ငန်း စဉ်တွင်နယ်ပယ်အလွှာအသီးသီးမှ အားတက်သရောပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။

 

၂၀၁၈ခုနှစ် ဩဂုတ်လမှ ဒီဇင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီးနှင့်အောက် မြန်မာပြည်ရှိ NSSA ၏ စိစစ်အကဲဖြတ်ရေးဌာနများ၌ အလုပ်အကိုင် (၁၇) မျိုးတွင်စိစစ်အကဲဖြတ် အောင်မြင် ခဲ့သော ကျွမ်းကျင်လုပ်သားကျား (၇၃၇) ဦး၊ မ (၄၃၅) ဦး ၊ စုစုပေါင်း (၁၁၇၂) ဦးကို အမျိုးသား အဆင့်ကျွမ်းကျင်လုပ်သား Level 1 အသိအမှတ်ပြုလက်မှတ်များပေးအပ်၍ ကျွမ်းကျင် မှုစစ်ဆေး အကဲဖြတ်ရေးဌာန (၁၁) ခု၊ စစ်ဆေးရေးမှူး (၃၈) ဦးကို NSSA ၏ အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ သည် မြန်မာတစ်နိုင်ငံလုံးအလုပ်အကိုင် (၂၃) မျိုးအတွက် ကျွမ်းကျင်လုပ်သားကျား (၈၆၃၁) ဦး၊ မ (၃၂၆၉) ဦးစုစုပေါင်း (၁၁၉၀ဝ) ဦးကို ကျွမ်းကျင်လုပ်သားများအဖြစ် အသိအမှတ်ပြုခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)