ရန်ကုန် ၇ ဇူလိုင်
ပြည်ပရောက်နီပေါနွယ်ဖွားများ၏ အာရှ-ပစိဖိတ်ဆိုင်ရာ သတ္တမအကြိမ် ညီလာခံ နှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယအကြိမ်မြောက် အမျိုးသမီးညီလာခံကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Chatrium Hotel ၌ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်၍ ဂုဏ်ပြု အမှာစကားပြောကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ် ကြီး Mr. Bhim Krishna Udas ၊ နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း Dr. Prakash Sharan Mahat နှင့် တာဝန်ရှိသူတို့က ညီလာခံကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဧည့်သည်တော်များနှင့်အတူ အခမ်းအနားတွင်ပြသထားသည့် မြန်မာနိုင်ငံရှိ ထင်ရှား သော နီပေါနွယ်ဖွား(ဂေါ်ရခါး) လူမျိုးများ၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် မြန်မာ-နီပေါနှစ်နိုင်ငံ နိုင်ငံတော်သီချင်းကို ဖွင့်လှစ်အလေးပြုကာ နီပေါရိုးရာဆီမီးကိုထွန်းညှိ၍ ညီလာခံကိုဖွင့်လှစ်ပြီး နီပေါရိုးရာအကများ၊ မြန်မာ့တိုင်း ရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဂုဏ်ပြုအမှာစကားပြောကြား ပြီး ပြည်ပရောက် နီပေါနွယ်ဖွားများအသင်း-မြန်မာ(NRNA-Myanmar) ဥက္ကဌ ဦးဝင်းတင်(ခ) S.B Chetry၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး Mr. Bhim Krishna Udas ၊ နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း Dr. Prakash Sharan Mahat တို့က နှုတ်ခွန်းဆက် စကားများပြောကြားကြသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ပရောက်နီပေါ နွယ်ဖွား ကိုယ်စားလှယ်များက နီပေါနွယ်ဖွားဂေါ်ရာခါးလူမျိုးများ၏ စွမ်းဆောင်ချက်များ နှင့် စီးပွားရေး၊ လူမှုရေးတို့နှင့်စပ်လျဉ်း၍ တွေ့ရှိချက်များအပေါ် အကြံပြုဆွေးနွေးကြသည်။
ပြည်ပရောက် နီပေါနွယ်ဖွားများ၏ အာရှ-ပစိဖိတ်ဆိုင်ရာ ညီလာခံကိုမြန်မာနိုင်ငံ ၌ ပထမဆုံး အကြိမ်အဖြစ် ဇူလိုင် ၆ ရက်မှ ၇ ရက်အထိနှစ်ရက်ကြာကျင်းပခြင်းဖြစ်ကာ အခမ်းအနားသို့ မြန်မာနိုင်ငံရှိ နီပေါနွယ်ဖွား တစ်ရာကျော်နှင့်အတူ အာရှ-ပစိဖိတ် ဆိုင်ရာဒေသတွင်းရှိနိုင်ငံပေါင်း ၁၅ နိုင်ငံမှ နီပေါနွယ်ဖွား ၁၃၀ ကျော်တက်ရောက်ကြပြီး ဆဋ္ဌမ အကြိမ်ညီလာခံကို ဟောင်ကောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်ပရောက်နီပေါနွယ်ဖွား(ဂေါ်ရခါး) များအနေဖြင့် အချင်းချင်း ချစ်ခင်စည်းလုံး ညီညွှတ်ရန်၊ မိမိနေထိုင်ရာ နိုင်ငံနှင့် နီပေါနိုင်ငံတို့အပေါ် အလုပ်အကျွေးပြုနိုင်ရန် တို့အတွက်ရည်ရွယ်၍ ပြည်ပရောက်နီပေါ နွယ်ဖွားများအသင်းက ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


