နေပြည်တော်  ၇  ဇူလိုင် 

 

နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစီအစဉ်အရ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် သံလွင်အရှေ့ခြမ်းရှိ သံဃာတော်များအတွက် (၂၂)ကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့၊ ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်အတွင်းရှိ သာသနဟိတကာရီဓမ္မာရုံ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ဦးစီးပဓါနနာယကသာသနာပြု ဗဟို ခေါင်းဆောင်ဆရာတော် သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိစိန္တာ အမှူးပြုသော သံလွင်အရှေ့ခြမ်း ပန်ဆန်း၊ ဝိန်းကောင်၊ နားဖန့်၊ မန်မန်ဆိုင်၊ နားဝီး၊ မက်မန်း၊ ဟိုပန်၊ မိုင်းမော၊ နမ့်တစ်ဒေသများမှ ဆရာတော်အရှင်သူမြတ်များ ကြွရောက်တော်မှုကြပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့(ကိုယ်စား) ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဉက္ကဌ ဦးဝင်းကျော်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့(ကိုယ်စား) ဦးစန်းလွင်၊ “ဝ”အထူးဒေသ(၂) ကော်မတီဝင် ဦးစံမောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာန(ကိုယ်စား) ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်တို့က မက်မန်းမြို့၊ ပညာဒီပကျောင်းတိုက် ဦးစီးပဓါနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသီရိထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

 

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်က ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသော အလှူရှင်များက ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

ယင်းနောက် ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကုသလထံမှ သာဓုအနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

 

အခမ်းအနားတွင် ပန်ဆန်း၊ ဝိန်းကောင်၊ နားဖန့်၊ မန်မန်ဆိုင်၊ နားဝီး၊ မက်မန်း၊ ဟိုပန်၊ မိုင်းမော၊ နမ့်တစ်ဒေသများ၌ သီတင်းသုံးနေထိုင်ကြကုန်သော သံဃာတော် (၅၂၇)ပါး၊ ရှင်သာမဏေ (၂၈၈၉)ပါး တို့အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သင်္ကန်းဒွိစုံ (၅၀ဝ)စုံ၊ရှင်ကြီးဝတ်သင်္ကန်း (၁၂၀ဝ)စုံ၊ ရှင်လတ်ဝတ်သင်္ကန်းစုံ (၃၀ဝ)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှအလှူတော်ငွေကျပ် (၁၀)သိန်း ၊ အရှေိ့မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီးတို့က သင်္ကန်းစုံ(၅၀)နှင့် ကုမ္ပဏီအသင်းအဖွဲ့များမှ သင်္ကန်းဒွိစုံ (၅၅၅)စုံတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝေဠုဝန်ကျောင်းတိုက်၌ ပန်ဆန်း၊ ဇေတဝန်ရွှေထီး သာသနာပြုကျောင်းတိုက်၊ ချင်းရွှေဟော်ကျောင်းတိုက်၊ ကိုင်းကုန်းကျောင်းတိုက်များသို့ ဆွမ်းဆန်တော်အတွက် အလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝေဠုဝန်ကျောင်းတိုက်နှင့် ရွှေမောင်းသီလရှင် ကျောင်းတိုက်၌ ဆွမ်းဆန်တော်အတွက် အလှူငွေများနှင့်ကျောင်းတိုက်များတွင် ပညာသင်ကြား နေကြသော ဒေသခံကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံ/ ဗလာစာအုပ်၊ စာရေးကိရိယာများ လှူဒါန်းခဲ့ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီး ဌာနမှ သီလရှင်ဝတ်စုံ(၄၀ဝ)အား လှူဒါန်းခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)