ဇင်းကျိုက် ၈ ဇူလိုင်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ပန်းကုန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်း၊ ဇင်းကျိုက်ဆံတော်ရှင် ပုံတူစေတီတော်မြတ်ကြီးမုခ်ဦးရှေ့လမ်းတစ်ဖက်ကမ်းရှိ ကုက္ကိုပင်ကြီးမှာ ဇူလိုင် ၇ ရက်နေ့ည ၁၁ နာရီခန့်က လေဆင်နှာမောင်းတိုက်ခတ်ခြင်းကြောင့် လျှပ်စစ်ဓာတ်အားလိုင်းကြိုးအပေါ်သို့ လဲကျခဲ့ပြီး ဓာတ်မီးတိုင်အချို့ ကျိုးကျ၍ ကုက္ကိုပင်ကြီးမှာ ကားလမ်းမပေါ်တွင်ပိတ်ဆို့ခဲ့သောကြောင့် မော်တော်ယာဉ်များ သွားလာခြင်း ခေတ္တခဏရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
အလားတူ အဆိုပါရပ်ကွက်အတွင်းရှိ လူနေအိမ် ၆ လုံးမှာလည်း သွပ်အမိုးများပြိုကျပျက်စီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
ယင်းသစ်ပင်လဲကျပြီး ကားလမ်းပိတ်ဆို့မှုဖြစ်သောနေရာသို့ တာဝန်ရှိသူများနှင့် တာဝန်သိပြည်သူတို့က သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လျှပ်စစ်ဓာတ်တိုင်/ ဓာတ်ကြိုးများအား ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၃ နာရီခွဲအချိန်၌ ရပ်နားထားသော မော်တော်ယာဉ်များမှာ ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
နေခြည် ( ဇင်းကျိုက် )


