ကြာအင်းဆိပ်ကြီး ၈ ဇူလိုင်
ကြာအင်းဆိပ်ကြီးမြို့ စာပေချစ်မြတ်နိုးသူများမှ ဦးဆောင်ကျင်းပသော အာဇာနည်နေ့အကြို အထိမ်းအမှတ် စာပေဟောပြောပွဲကို ယမန်နေ့ည ၈ နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့အခြေခံ ပညာအထက်တန်း ကျောင်းပညာ တန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါ စာပေဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး စာပေချစ်မြတ်နိုးသူများမှ ဦးထွန်းလွင်က ထပ်ဆင့်အမှာစကား ပြောကြားသည်။
ထို့နောက်စာပေဟောပြောပွဲကို လက်ဆက်ကျင်းပရာ မောင်စိန်ဝင်း(ပုတီးကုန်း)က စာပေစကားစာပေမြား ခေါင်းစဉ်ဖြင့် လည်းကောင်း ဦးဘုန်း(ဓာတု)ကကဗျာလှလှ စာလှလှခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောသည်။ ၎င်းစာပေဟောပြောပွဲကို ကျောင်းသားကျောင်းသူများ စာပေချစ်မြတ်နိုးသူများ စုစုပေါင်း(၄၅၀) လာရောက်နားထောင်ကြပြီး ဒုတိယနေ့အဖြစ် ယနေ့ည ၈ နာရီအချိန်တွင် ဆရာမောင်သာချိုက ပါတော်မူနိုင်ငံ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆရာညိုမင်းညိုက ရသနိုင်ငံသစ် ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)


