ကြာအင်းဆိပ်ကြီး ၇ ဇူလိုင်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ အသွင်ပြောင်းပိုလီယိုပိုး ကူးစက်မှုကို ဖြတ်တောက်ရန် ရည်ရွယ်၍ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်း လုပ်ငန်းကို ပထမအကြိမ် ဒုတိယနေ့အဖြစ် လက်ဆက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း ၈နာရီအချိန်ကမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ကျေးရွာများ၌ စုရပ်များနှင့် အိမ်တိုင်ရာရောက်ကောက်သင်းကောက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းကကြီးကြပ်ဆောင်ရွက်ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုအဖွဲ့အစည်းများက လိုက်လံတိုက်ကျွေးလျက်ရှိသည်။
အဆိုပါ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းကို မွေးကင်းစမှ အသက် ၅ နှစ်အရွယ် ကလေးများအားလုံး ပိုလီယိုကာကွယ်ဆေး တိုက်ဖူးသည်ဖြစ်စေ၊ မတိုက်ဖူးသည်ဖြစ်စေ ကလေးတိုင်းကို အပိုဆောင်း(၃)ကြိမ်ဆက်တိုက် တစ်ကြိမ်နှင့်တစ်ကြိမ်(၂)ပတ်ခြား၍ တိုက်ကျွေးမည်ဖြစ်သည်။
ယခုပထမအကြိမ်မှာ ဇူလိုင် ၇ ရက်နေ့မှ ၉ ရက်နေ့အထိ လည်းကောင်း၊ ဒုတိယအကြိမ်ကို ဇူလိုင်၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ လည်းကောင်း၊ တတိယအကြိမ်ကို သြဂုတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)


