မိတ္ထီလာ  ၈   ဇူလိုင်


မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီက အဆိုပါရုံး မုခ်ဦး၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး၊ ပညာရှင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်တင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့သည်။ 


ထို့နောက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊မြို့မိမြို့ဖများ၊ ကမ်းလက် ပရဟိတအဖွဲ့ဝင်များ၊ စာရေးဆရာအဖွဲ့ဝင်များ၊ စာပေချစ်သူများ၊ ကျောင်းသားကျောင်းသူများက ရုံးဝင်းအတွင်း၌ ခင်းကျင်းပြသထားသည့် စာအုပ်စာပေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


“ဒေသခံ စာပေဝါသနာရှင်များ၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေများ ပိုမိုလေ့လာဖတ်ရှု့နိုင်ရေး၊ အသိပညာဗဟုသိတများ ရရှိစေရေးနှင့် သုတ/ရသစာအုပ်များ၊ ပုံပြင်စာအုပ်များ၊ အင်္ဂလိပ်စကားပြောစာအုပ်များ၊ သမိုင်းသုတဆိုင်ရာစာအုပ်များ၊ ကျောင်းသူ ကျောင်းသားသုံးစာအုပ်များစသည့်တို့ကို တစ်နေရာတည်းတွင် ရွေးချယ်ဝယ်ယူနိုင်ရန် မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းဈေးရောင်ပွဲကို ရန်ကုန်မြို့ နန်းတော်ဝင်စာပေနှင့် မမာလာစာပေတိုက်တို့မှ ဦးဆောင်၍  ဇူလိုင်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ (၅)ရက်တိုင်းတိုင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း” ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်အိအိသန်းက ပြောကြားခဲ့သည်။


အဆိုပါ စာအုပ်စာပေပြပွဲ၊ စာအုပ်ဈေးရောင်းပွဲတော်နှင့်အတူ  အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံတူပန်းချီပြိုင်၊ ဟောပြောပွဲနှင့် ဂိမ်းကစားနည်းများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)