မန္တလေး  ၈  ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် နှစ်စဉ်ကျင်းပလျက်ရှိသေ ာတောင်ပြုံးပွဲတော်ကာလအတွင်း H1N1 ဖြစ်ပွားမှုမရှိစေရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏စီစဉ်မှုဖြင့် ကာကွယ်ဆေးဖျန်းမည်ဖြစ်ကြောင်း သိရသည်။

 

ပွဲတော်ကာလအတွင်း H1N1 ဖြစ်ပွားမှုမရှိစေရေးအတွက် ပွဲတော်မကျင်းပမီအချိန်တွင် တောင်ပြုံးရွာကို ကာကွယ်ဆေးဖျန်း သွားမည်ဖြစ်ပြီး အမှိုက်သိမ်းဆည်းမှုနှင့် ကျေးရွာသန့်ရှင်းရေးများကို ယခင်နှစ်များ ထက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

" အနယ်နယ်အရပ်ရပ်ကသူတွေ လာကြတာဆိုတော့ ကူးစက်ရောဂါ ပါမလာနိုင်ဘူးလို့မပြောနိုင်ဘူး အဲ့တော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကာကွယ်ဆေးကို ဖျန်းသွားမယ် ။ ဒါကိုလဲ ကျန်းရေးကတာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး ကြိုတင်လုပ်နေပါတယ် ။ အဓိက ကတော့ ပွဲတော်အတွင်းမှာ ကူးစက်ရောဂါတွေ လုံးဝဖြစ်ပွားမှုမရှိအောင် အရင်နှစ်တွေထက် ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်သွားမယ် ။ " ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ကထံမှ သိရသည်။

 

ယခုနှစ်တွင် တောင်ပြုံးပွဲတော်ကို ဩဂုတ် ၈ ရက်မှ ၁၅ ရက် (ဝါခေါင်လဆန်း ၈ရက်မှ လပြည့်နေ့)ထိ ကျင်းပသွားမည်ဖြစ်သည်။ နှစ်စဉ်ကျင်းပသော တောင်ပြုံးပွဲတော်သို့ နိုင်ငံတစ်ဝန်းမှလူဦးရေသောင်းချီ လာရောက်လေ့ရှိသည်။

 

ပြီးခဲ့သည့် ၂၀၁၇ က တောင်ပြုံးပွဲတော် ကျင်းပရန် ရက်ပိုင်းအလိုတွင် ရာသီတုပ်ကွေး H1N1 ရောဂါပိုး ပျံ့နှံ့ဖြစ်ပွားနေသည်ဟုဆိုကာ မန္တလေးတိုင်းအစိုးရက တောင်ပြုံးပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရသည်။

 

ယခုလက်ရှိ အချိန်တွင် ပြည်တွင်း၌ H1N1 ပိုးကြောင့် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူဦးရေ ၃၀ ထိရှိကြောင်း သိရသည်။ 

 

သူရိန်လင်း