မန္တလေး ၈ ဇူလိုင်


မန္တလေးဈေးချိုတော်တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် အဖွဲ့ပေါင်းစုံဖြင့် ကင်းလှည့်စစ်ဆေးခြင်းများဆောင်ရွက်နေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မှသိရသည်။


ဈေးချိုတော်တွင် ဓာတ်ဆီအစက်အပြောက်များတွေ့ရှိမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုလို ကင်းလှည့်စစ်ဆေးခြင်းများကို ပြီးခဲ့သည့်လပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


‘လုံခြုံရေးနှင့် ပတ်သက်ပြီး မြို့တော်စည်ပင် ဈေးဌာနမှာရှိတဲ့ဝန်ထမ်းတွေကို အလှည့်ကျ တာဝန်မှူးဆိုပြီး ချထားပေးတယ်။ ညပိုင်းမှာ ဈေးပိတ်ချိန်ကင်းလှည့်တယ်။ ဈေးချိုကို မသမာမှု တွေလုပ်တာရှိလာနိုင်တဲ့အတွက် ပန်းတန်း၊ သစ်သီးတန်းဘက်တွေမှာ စည်းရိုးသဘောမျိုး ကာရံဖို့စီစဉ်နေတယ်။ အဖွဲ့ပေါင်းစုံနဲ့ကင်းလှည့်တာတွေလုပ်နေတယ်’ဟု မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။


ဈေးချိုတော်လုံခြုံရေးအတွက် ဈေးအကျိုးတော်ဆောင်၊ စည်ပင်သာယာရေးကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဆိုင်ခန်းပိုင်ရှင်းများဖြင့် ကင်းလှည့်စစ်ဆေးခြင်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယခင်က မန္တလေးဈေးချိုတော်ဈေးဖွင့်ချိန်၊ ပိတ်ချိန်များတွင် ဈေးသော့ကိုင်တစ်ဦးနှင့် ဈေးအကျိုးတော်ဆောင်များက လှည့်လည်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ယခုအခါ အဖွဲ့ပေါင်းစုံဖြင့် ဆောင်ရွက်နေကြောင်းသိရသည်။


မန္တလေးဈေးချိုတော်ကို အဆင့်မြင့်ဈေးအဖြစ် ၁၉၉၄ ခုနှစ်တွင် ပြန်လည်တည် ဆောက်ဖွင့်လှစ်ခဲ့ပြီး ယခုဆိုရင် ၂၅ နှစ်ပြည့်ပြီဖြစ်သည်။


အိမို့မို့ခိုင်