နေပြည်တော် ၈ ဇူလိုင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Republican Institute (IRI) အဖွဲ့ တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင် များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် IRI နှင့် ယခင်ကတည်းက ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ကြောင်း၊ နိုင်ငံရေးပါတီများ သင်တန်းပေးခြင်း၊ ရွေးကောက်ပွဲများတွင် အမျိုးသမီးနှင့် လူငယ်များ ပါဝင်မှုမြှင့်တင်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ သင်တန်းများဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများအားလုံး ညီတူညီမျှပါဝင်စေပြီး တစ်ပြေးညီဖြစ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်များ၊ ဥပဒေ၊ နည်းဥပဒေများကို အလေးထားပြီး သင်တန်းပေးရန်လိုအပ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ်တစ်ထပ်တည်းဖြစ်စေရေးဆိုသည့် စံ (၅) ချက်နှင့်အညီ ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားပြီး နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ IRI အဖွဲ့၏ Resident Program Director, Mr. Jeremy Liebowitz က IRI အဖွဲ့၏လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပံ့ပိုးကူညီမှုများ ကြောင့် အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အားလုံး ပါဝင်မှုမြှင့်တင်ရေးဆောင်ရွက်ရာ၌ အမျိုးသမီးနှင့် လူငယ်များပါဝင်မှုကို အဓိကထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နားလည်မှုစာချွန်လွှာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးနှင့် IRI အဖွဲ့မှ Resident Program Director, Mr. Jeremy Liebowitz တို့က လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


