နေပြည်တော် ၈ ဇူလိုင်

    
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea International Cooperation Agency-KOICA) တို့ပူးပေါင်း၍ ကျောင်းကားအစီး ၆၀ လှူဒါန်းမှုဆိုင်ရာ စီမံကိန်း လက်မှတ်ရေးထိုးပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကိုလေးဝင်းနှင့် KOICA Myanmar Office မှ Chief Representative, Ms.Lee, YounSoo  က ကျောင်းကား အစီး ၆၀ လှူဒါန်းခြင်းဆိုင်ရာ “Improvement in Access to Education through Provision of School Buses in Myanmar’’ စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး Record of Discussion (RoD) လက်မှတ်ရေးထိုးကြသည်။

 

1


    

စီမံကိန်းတွင် ၂၀၁၉ မှ ၂၀၂၁ ခုနစ် သုံးနှစ်တာကာလအတွင်း နေပြည်တော်ရှိ မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ပျဉ်းမနား၊ လယ်ဝေး၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိနှင့် တပ်ကုန်းမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများအတွက် ကျောင်းကား အစီး ၆၀ လှူဒါန်းခြင်းနှင့် နေပြည်တော်ရှိမြို့နယ် (၈)မြို့နယ်မှ ပညာရေးဝန်ထမ်းများနှင့် ကျောင်းကားမောင်းသူများကို ကျောင်းကား အသုံးပြုခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ လမ်းညွှန်စာအုပ်ပေးခြင်း၊ သင်တန်းပေးခြင်း၊ ကျောင်းသားကျောင်းသူနှင့် ယာဉ်မောင်းသူများအား ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်