နေပြည်တော်  ၈  ဇူလိုင် 
      

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် အာဆီယံအစားအစာပွဲတော် ၂၀၁၉ ကို မြန်မာနိုင်ငံခရီးစဉ်ဒေသဖြစ်သော မန္တလေးမြို့တွင် ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၊ နီလာခန်းမ၌ ကျင်းပသည်။ 
    

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က  အာဆီယံအစားအစာပွဲတော် ၂၀၁၉ (ASEAN Food Festival -2019) ကို သြဂုတ် ၁၇ ရက်နှင့် ၁၈ရက်များတွင် မန္တလေးမြို့၌ ကျင်းပမည် ဖြစ်ရာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပွဲတော်တွင် အာဆီယံနိုင်ငံများမှ ကိုယ်စားပြုပြခန်းများ ပါဝင်ပြသနိုင်ရေး အတွက် ချိတ်ဆက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပွဲတော်တွင် လက်ရှိရရှိထားသော စာရင်းအရ ပြခန်း ပေါင်း ၁၁၀ ခန့် ခင်းကျင်းပြသမည်ဖြစ်ရာ ဒေသအလိုက် ပြခန်းများစနစ်တကျပြသနိုင်ရေးနှင့် လာရောက် လည်ပတ်ကြမည့် ပြည်တွင်းပြည်ပဧည့်သည်များအတွက် အဆင်ပြေချောမွေ့အောင် စီစဉ်ဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်းပြောကြားသည်။ 
    

ဆက်လက်၍ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ရန်ကုန်ဇုန် ဒုတိယ ဥက္ကဌ ဒေါ်တင်မာမြင့်မှ ပွဲတော်ကျင်းပမည့်နေရာ၊ ကျင်းပမည့်အစီအစဉ်၊ ဖွင့်ပွဲ အခမ်းအနားအစီအစဉ်နှင့် ပွဲတော် ကျင်းပမည့် အသေးစိတ်လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။ 
    

ဆက်လက်၍ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း မန္တလေးဇုန် ဥက္ကဌ ဦးသြင်္ကန်ကျော်က ဖိတ်ကြားရေးဆိုင်ရာများ၊ ပြခန်းများခင်းကျင်းပြသရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ပြီး မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူမှ ပွဲတော်ကျင်းပနေစဉ်အတွင်း မြန်မာ့ရိုးရာ ဒေါင်းလန်း ဖြင့် သရုပ်ဖော်ပြသမည့်အစီအစဉ် ထည့်သွင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 
    

ဆက်လက်၍ မြန်မာနိုင်ငံစားဖိုမှူးများအသင်းမှ ပွဲတော်ကျင်းပနေစဉ်အတွင်း Fruit Curving၊ Ice Curving သရုပ် ဖော်ပြသမည့်အစီအစဉ်၊ အစားအစာများ ချက်ပြုတ်ပြင်ဆင်ပြသမည့်အစီအစဉ်များအား ရှင်းလင်း တင်ပြခဲ့ပြီး မြန်မာနိုင်ငံ အမှတ်တရပစ္စည်းအရောင်းဆိုင်များအသင်းမှ မြန်မာ့ရိုးရာသနပ်ခါးထုတ်လုပ်မှု ပြသရေး အစီအစဉ်များကို လည်းကောင်း ၊ Myanmar Bartender Association မှ Cocktail ဖျော်စပ်မှု သရုပ်ဖော် ပြသမည့် အစီအစဉ်တို့နှင့် စပ်လျဉ်း၍ဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာသူများမှ အကြံပြုဆွေးနွေး တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

 

1