နေပြည်တော် ၈ ဇူလိုင်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ဇူလိုင် ၂ ရက်တွင် ကျင်းပသည့် International Trade Centre (ITC) ၏ 53rd Joint Advisory Group (JAG) အစည်းအဝေးနှင့် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ ကျင်းပသည့် 7th Global Review of Aid for Trade 2019 အစည်းအဝေးနှင့်ဆက်စပ်အစည်း အဝေးများသို့ တက်ရောက်ခဲ့သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင် ၃ ရက်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ကြီးမှူးကျင်းပသော သတ္တမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအကူအညီပေးရေး အစီအစဉ် ပြန်လည်ဆန်းစစ်ခြင်းအစည်းအဝေး ၂၀၁၉ ဖွင့်ပွဲအခမ်းအနားနှင့် ဆက်စပ်အစည်း အဝေးဖြစ်သည့် Seeing Impact and looking future on EIF Past and Future အစည်းအဝေး၊ Netherlands နိုင်ငံ၏အထောက်အပံ့အကူအညီဖြင့် International Trade Centre (ITC) မှ ကယားပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသော Cultural Community Tourism sector နှင့်ပတ်သက်သောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
ဒုတိယဝန်ကြီးသည် ဇူလိုင် ၄ ရက်တွင် Economic diversification and blue economy အစီအစဉ်၌ Panelist အဖြစ်ပါဝင်တက်ရောက်၍ Fisheries Subsidies Agreement အရ မြန်မာနိုင်ငံမှ လိုက်ပါဆောင်ရွက်နေမှုအခြေအနေများ၊ ငါးသယံဇာတများ အလွန်အကျွံ ဖမ်းယူသုံးစွဲ နေမှုများနှင့်ပတ်သက်၍ ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းစဉ်များအား နိုင်ငံတကာ ခေါင်းဆောင်များနှင့်အတူ ဆွေးနွေးခဲ့သည်။
ဒုတိယဝန်ကြီးသည် အစည်းအဝေးတက်ရောက်နေစဉ်ကာလအတွင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ Trade Policy Review – TPR Division ၏ ညွှန်ကြားရေးမှူး Mr. Willy Alfaro နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ် များတွင် နည်းပညာအကူအညီများ ပေးနိုင်ရေးကိစ္စ၊ ကမ္ဘာ့မူပိုင်ခွင့်ဆိုင်ရာ ရုံးချုပ်တွင် ညွှန်ကြားရေးမှူးချုပ် Mr. Francis Gurry နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် IP Office ထူထောင်နိုင်ရေး လိုအပ်သည့် နည်းပညာအကူအညီများပေးရေးကိစ္စ၊ Switzerland သံရုံးမှ Head of Trade Promotion Unit Ms. Monica Rabiolo နှင့်International Trade Centre မှ Executive Director, Ms. Arancha Gonzalez တို့နှင့်လည်း သီခြားစီတွေ့ဆုံ၍ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Tourism Sector ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဒုတိယ ဝန်ကြီးသည် United Nations Conference on Trade and Development (UNCTAD) ၏ ITC Division Director, Ms. Shamika Sirimanne နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ E-Commerce Strategy Formulation ဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးပွဲများသို့ မြန်မာနိုင်ငံမှကိုယ်စားလှယ်များနှင့်အတူ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ အမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး၊ WTO သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


