ရန်ကုန် ၈ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီ အစဉ် ရှင်းလင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန် တိုင်းဒေသကြီးအတွင်း၂၀၁၉ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မှုခင်း စီမံခန့်ခွဲမှု အစီအစဉ်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးလှအေးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးတို့က မှုခင်းစီမံခန့်ခွဲမှုဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးကျော်စွာငြိမ်း က မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် ဒုတိယ ညွှန်ကြားရေးမှူး (ညှိနှိုင်းရေးမှူး) ဒေါ်နန်းသင်းသင်းဆွေက အသုံးပြုမည့်ပုံစံများ အကြောင်းကိုရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားကြသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနိုင်လင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ခွဲမှ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဆက်စပ် အဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ တရားလွှတ်တော်ရှေ့နေနှင့် အထက်တန်း ရှေ့နေများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ စုစုပေါင်း ၁၈၀ ကျော် တက်ရောက် ကြသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း ၂၀၁၈-၂၀၂၂ အရ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်လိုက် အကောင်အထည်ဖော်လျက်ရှိရာ ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ခရိုင်တရားရုံးတစ်ရုံးနှင့် မြို့နယ်တရားရုံး၂၇ ရုံးတို့တွင် အကောင်အထည်ဖော်မည်ဟု သိရှိရသည်။
သတင်း၊ဓာတ်ပုံ-ဇော်မင်းလတ်(MNA)


