မော်လမြိုင် ၈ ဇူလိုင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မွန်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများစုပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲအား ဇူလိုင်လ ၈ ရက် နံနက် ၁၀ နာရီတွင် မော်လမြိုင်မြို့၊ မွန်ပြည်နယ်အစိုးရ အဖွဲ့ ရုံးဝင်းအတွင်းရှိ ဟင်္သာခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရမည်ဆိုသည့် စံ (၅) ချက်နှင့်အညီ ကျင်းပသွားမည် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်း ပြုစုသည့်နှစ်အဖြစ်သတ်မှတ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံး စေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်စေရေးနှင့် တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ရရှိရေး အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လုပ်ငန်းစီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါစီမံချက် တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ပထမဆုံးမဲပေးမည့် မဲဆန္ဒရှင်များ၊ စစ်ဘေးရှောင် မဲဆန္ဒရှင်များ၊ ရွှေ့ပြောင်းလုပ်သားများ၊ မသန်စွမ်းမဲဆန္ဒရှင်များကိုလည်း ထည့်သွင်းကောက်ယူ သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယခုလိုဆောင်ရွက်နေချိန်တွင် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံရေးပါတီ များအနေဖြင့်လည်း ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်စေလိုကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများက လည်း ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရွေးကောက်ပွဲအရာရှိ ဦးဟိဏ်းလင်းထက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များဆောင်ရွက်နေမှု၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းအခြေအနေများအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ မသန်စွမ်းအဖွဲ့အစည်းများ၏ အကြံပြုဆွေးနွေးချက် များနှင့် သိရှိလိုသည်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည် (မွန်ပြည်နယ်တာဝန်ခံ) တက်ရောက်ပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲအရာရှိများ၊ နိုင်ငံရေးပါတီ (၁၀) ပါတီမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲဆိုင်ရာ လူထုအသိပညာပေးဆောင်ရွက်နေသော အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ အမျိုးသမီးကဏ္ဍမြှင့်တင်ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ သတင်း မီဒီယာများအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်း (၉) ဖွဲ့မှ ကိုယ်စားလှယ်များ၊ စုစုပေါင်းအင်အား (၈၉)ဦး တက်ရောက်ခဲ့ပါသည်။
သတင်းစဉ်


