ရန်ကုန် ၉ ဇူလိုင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ (၄၇)ပါးစုံညီ ဒုတိယ အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာ ဓမ္မသဘင်၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေး မြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကုမာရာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးဓမ္မာ စာရက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
အခမ်းအနားမှူး ဆရာတော်က အစည်းအဝေး စတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြား လျှောက်ထားပြီး အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီးက အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒကထာကို မြွက်ကြားတော်မူသည်။
သာသနာပြု စိတ်ဓာတ်အပြည့်အဝဖြင့် ဆောင်ရွက်နိုင်
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က သာသနာရေးဆိုင်ရာများကို လျှောက်ထားရာတွင် ယခုအခါ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်သည် သတ္တမအကြိမ်သက်တမ်းမှ အဋ္ဌမအကြိမ် သက်တမ်းသို့ ကူးပြောင်းခဲ့ပြီး သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင် အသစ်သစ်သော သံဃမဟာနာယကဆရာတော်များ အစားထိုးဝင်ရောက်လာသကဲ့သို့ ဝိနည်း ဓိုရ်ဆရာတော် အဆင့်ဆင့်တွင်လည်း အသစ်သစ်သော ဝိနည်းဓိုရ်ဆရာတော်များ အစားထိုးဝင်ရောက်လာမှုများရှိ လာသည်ကို သိရှိရပါကြောင်း၊ အစားထိုး ဝင်ရောက်လာသော သံဃမဟာနာယက ဆရာတော်များ၊ ဝိနည်းဓိုရ်ဆရာတော်များသည် သံဃာ့အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းများနှင့် ဝိနိစ္ဆယဆိုင်ရာလုပ်ငန်းများ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သံဃနာယကနှင့် ဝိနည်းဓိုရ် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချသင့်သည်ဟု လျှောက်ထားလိုပါကြောင်း၊ ထိုသို့ နာယကသင်တန်းနှင့် ဝိနည်းဓိုရ်မွမ်းမံ သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းကြောင့် သံဃနာယကဆရာတော်များ၊ ဝိနည်းဓိုရ် ဆရာတော်များသည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင်း လုပ်ထုံးလုပ်နည်း များ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ လက်စွဲကျမ်းများ၊ ညွှန်ကြားလွှာများကို ကျေကျေ ညက်ညက် ပိုင်ပိုင်နိုင်နိုင် ရှင်းရှင်း လင်းလင်းလေ့လာရသဖြင့် သံဃ နာယကလုပ်ငန်း၊ ဝိနိစ္ဆယလုပ်ငန်းများကို သာသနာပြု စိတ်ဓာတ်အပြည့်အဝဖြင့် တက်တက်ကြွကြွဆောင်ရွက်နိုင်ကြမည် ဖြစ်ပါကြောင်း။
နှစ်စဉ်ဝါဆိုသံဃာစာရင်း ကောက်ယူလျက်ရှိ
သံဃာ့အဖွဲ့အစည်းအခြေခံစည်း မျဉ်းလုပ်ထုံးလုပ်နည်း အပိုဒ်-၉၇၊ အပိုဒ် ခွဲ(ဃ)အရ မြို့နယ်သံဃနာယကအဖွဲ့များက နှစ်စဉ် ဝါဆိုသံဃာစာရင်း ကောက်ယူလျက်ရှိရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း၌ ၂၀၁၈ ခုနှစ် ဝါဆိုသံဃာစာရင်းအရ ရဟန်းသာမဏေပေါင်း ၅၂၆၃၇၃ ပါးရှိကြောင်းနှင့် သာသနာ့နွယ်ဝင် သီလရှင် ၆၇၅၂၁ ပါး ရှိသည်ဟု သိရှိရပါကြောင်း။
ယခု ၁၃၈၁ ခုနှစ် ၂၀၁၉ ခုနှစ်တွင် ဝါဆိုသံဃာစာရင်းကောက်ယူရာတွင် ပိုမို စနစ်တကျရှိစေရေးနှင့် တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် IT နည်း ပညာများဖြင့် အသုံးပြုနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း။ ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အလိုက်၊ ခရိုင်အလိုက်၊ တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဝါဆိုသံဃာစာရင်းကောက်ယူရေးအဖွဲ့များ ဖွဲ့စည်းပြီး နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၏ထုတ်ပြန်ထားသော ညွှန်ကြားလွှာများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အထောက်အပံ့များစွာ ရရှိနိုင်
ဝါဆိုသံဃာစာရင်းများ တိကျမှန်ကန်စွာ ရရှိခြင်းအားဖြင့် သံဃာအဖွဲ့အစည်းအဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းခြင်း၊ ပထမပြန် ဓမ္မာစရိယ စာမေးပွဲဖြေဆိုခြင်း၊ ဝိနိစ္ဆယလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သာသနာဝင် မှတ်တမ်းစိစစ်ရေးကတ်များ ဆောင်ရွက်ခြင်း၊ ရဟန်းသာမဏေများအတွင်း စိမ့်ဝင်နေသော ရဟန်းတုရဟန်း ယောင်များကို ဖယ်ရှားနိုင်ခြင်းစသော သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွား ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အထောက်အပံ့များစွာ ရရှိနိုင်မည်ပါ ကြောင်း။
တစ်စတစ်စနည်းပါးသွားမည်ဖြစ်
နိဂုံးချုပ်အားဖြင့် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများနှင့်တကွ သံဃာ့အဖွဲ့အစည်းအသီးသီး၌ ပါဝင်သော ဆရာတော်ကြီးများ ညီညီညွတ်ညွတ်တိုင်ပင်ညှိနှိုင်းပြီး မျက်ခြည်မပြတ် သတိချပ်လျက် တက်တက်ကြွကြွ လက်တွဲဆောင်ရွက်နိုင်ကြပါက သာသနာတော်ကြီးကို ကွယ်ပျောက်စေနိုင်မည့် သာသနာ့အတွင်းရန် အပြင်ရန်များ တစ်စတစ်စနည်းပါးသွားမည် ဖြစ်ပါကြောင်း သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အထက်အောက် ညှိနှိုင်းဆွေးနွေးကြခြင်း၊အကောင်အထည်ဖော် ဆောင်ရွက်ကြခြင်းအားဖြင့် သာသနာ့ရန်စွယ်အန္တရာယ် များ ကာကွယ်တားမြစ်နိုင်မည်ဖြစ်ပါကြောင်း လျှောက်ထားသည်။
ယင်းနောက် အဋ္ဌမအကြိမ်နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ) ၏ ပထမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာ အကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ၏ ကိုယ်စား တွဲဖက်အကျိုးတော်ဆောင် ဆရာတော်က တင်သွင်းလျှောက်ထားသည်။
ဝေဖန်ဆွေးနွေးတော်မူ
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ) ၏ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာ အကျဉ်းကို အဖွဲ့ဝင်ဆရာတော်ကြီးများက ကဏ္ဍအလိုက် တင်သွင်းလျှောက်ထား ကြပြီး သာသနာ့ရေးရာကိစ္စများ၊ ဝိနိစ္ဆယဆိုင်ရာကိစ္စများ၊ ပညာရေးဆိုင်ရာကိစ္စများကို တင်ပြလျှောက်ထားကြရာ တာဝန်ကျအဖွဲ့ခွဲ ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးတော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။
ဆက်ကပ်လှူဒါန်း
အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသော နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးများအား တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် မဟာသရေ စည်သူ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးရဲမြင့်နှင့်ဇနီး ဒေါက်တာ ဒေါ်တင်လင်းမြင့် မိသားစုတို့က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်


