မကွေး ဇူလိုင် ၉
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှုထမ်းများ၏ အရည်အသွေးတိုးတက်ရေးနှင့် ကျွမ်းကျင်မှု ရှိလာစေရေးအတွက် သတင်းရေးသားထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၈ ရက် နံနက် ၉ နာရီက ခရိုင်ပြန်/ဆက်ဦးစီးဌာနရုံး လူထုအခြေပြုဗဟို ဌာန(Community Centre)၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးညွန့်နိုင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များ၊ ဆွေးနွေးပို့ချမည့်ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊မြို့နယ်နှင့်မြို့ရုံးများတွင် တာဝန်ထမ်းဆောင်နေ သည့် ဓာတ်ပုံကျွမ်းကျင်-၂နှင့် ရုပ်သံကွမ်းကျင်-၃ ဝန်ထမ်း(၃၄)ဦး တက်ရောက်လျက်ရှိရာ ဝေါဟာရ ရှင်းလင်း ချက်၊ စာနယ်ဇင်းဆိုင်ရာကျင့်ဝတ်၊ သတင်းအရင်းမြစ်ရှာဖွေခြင်း၊ သတင်းဆောင်းပါး ရေးသားခြင်း၊ တွေ့ဆုံ မေးမြန်းခြင်း၊ သတင်းဖွဲ့စည်းတည်ဆောက်ပုံ၊ မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ အွန်လိုင်း အသုံးပြုပြီး သတင်းများထုတ်ပြန်ခြင်း၊ သတင်းမှတ်တမ်းရိုက်ကူးရာတွင် ရှောင်ရန်၊ဆောင်ရန်များ၊သတင်းမှတ်တမ်းလက်တွေ့ရိုက်ကူးခြင်းများကို ဇူလိုင်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ (၆)ရက်ကြာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


