ဘားအံ ၉ ဇူလိုင် 


ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဗန်ကောက်မြို့ရှိ Rajavithi ဆေးရုံနှင့် Rural Ear Nose Throat Foundation တို့ ပူးပေါင်းဆောင်ရွက်နေသည့် ရွေ့လျား နားခွဲစိတ်မှု အစီအစဉ် (Ear Surgery Mobile Unit)အရ ကရင်ပြည်နယ် ဘားအံမြို့နယ် အတွင်းမှ အကြားအာရုံချို့ယွင်းမှုဝေဒနာ ခံစားနေရသူများအား အခမဲ့ စစ်ဆေးခြင်းနှင့် ဆေးဝါးကုသ ပေးခြင်းများကို ကရင်ပြည်နယ် ဘားအံမြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီး၌ ဇူလိုင် ၈ ရက်က စတင်ဆောင်ရွက်ပေးနေကြောင်း သိရသည်။


အခမဲ့ဆေးဝါး ကုသပေးသည့် အစီအစဉ် ဖွင့်ပွဲတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ရွေ့လျားနားခွဲစိတ်မှု အစီအစဉ်အရ ကရင်ပြည်နယ် အတွင်းမှ နားရောဂါ ဝေဒနာရှင်များအား ယခုလို အိမ်နီးချင်း ထိုင်းနိုင်ငံမှ နယ်လှည့် ဆေးကုသရေး အဖွဲ့က လာရောက် ကူညီကုသပေးသည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး နှင့်တကွ ထိုင်းနိုင်ငံ နယ်လှည့်ဆေးကုသရေး အဖွဲ့အား ကျေးဇူးတင်ရှိကြောင်း အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်တို့က ထိုင်းသံအမတ်ကြီးနှင့် နယ်လှည့် ဆေးကုသရေး အဖွဲ့ခေါင်းဆောင် ဆရာဝန်ကြီးအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။ 


အဆိုပါ ရွေ့လျား နားခွဲစိတ်မှု အစီအစဉ်အရ ကရင်ပြည်နယ် အတွင်းမှ အကြားအာရုံ ချို့ယွင်းမှု ဝေဒနာ ခံစားနေရသူများအား အခမဲ့ စစ်ဆေးခြင်းနှင့် ဆေးဝါးကုသပေးခြင်းကို ဇူလိုင် ၈ ရက်မှ ၁၀ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ စတင်ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး နားရောဂါ ဝေဒနာရှင် မည်သူမဆို အခမဲ့ လာရောက်ပြသ ကုသမှုခံယူနိုင်ကြောင်း သိရသည်။ 


နေမျိုးလွင်(ပြန်/ဆက်)