မန္တလေး ၉  ဇူလိုင် 


မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း (မန္တလေး) တို့ ပူးပေါင်း၍ ရာသီတုပ်ကွေးရောဂါ( Seasonal Influenza A (H1N1) Pdm 09) ကာကွယ် နှိမ်နင်းရေးနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို မန္တလေးမြို့၊ ၆၂ လမ်း၊ ၃၃×၃၄ လမ်းကြားရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း (မန္တလေး) ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း(မန္တလေး)ဥက္ကဌ ကိုယ်စား ဒေါက်တာငြိမ်းငြိမ်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာချိုနွယ်အောင် (အဖွဲ့ခေါင်းဆောင်ဆရာဝန်၊ ကူးစက်နှင့်တိုးချဲ့ကာကွယ်ဆေး) က ရာသီတုပ်ကွေးရောဂါ H1N1 ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးသည်။ ၎င်းနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းရာ ဒေါက်တာချိုနွယ်အောင် က ပြန်လည်ဖြေကြားသည်။ ယင်းနောက် ရာသီတုပ်ကွေးရောဂါ H1N1 ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။


အဆိုပါ ဟောပြောပွဲသို့ မန္တလးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း(မန္တလေး)မှ တာဝန်ရှိသူများ၊ မန္တလေးမြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


သန်းဇော်မင်း(ပြန်/ဆက်)