ပူတာအို    ၉    ဇူလိုင်     


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု Medical Action Myanmar မှ Access to Health Fund ၏အထောက်အပံ့ဖြင့် ကချင်ပြည်နယ်၊  ပူတာအိုခရိုင် အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ နောင်မွန်မြို့နယ်များအတွက် အရန်သားဖွားသစ်လွင်ခြောက်လ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် (၉)ရက် နံနက်(၉)နာရီက ပူတာအိုခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေး ခန်းမ၌ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်နိုင်ဝင်းက စေတနာ့ဝန်ထမ်း  ကျန်းမာရေး လုပ်သားများဖြစ်သော အရန်သားဖွားဆရာမများသည် မိမိဒေသ၊ ရပ်ရွာအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များ စောင့်ရှောက်ခြင်း၊ မီးဖွားပေးခြင်းအပါအဝင် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ တိုးတက်အောင်မြင်စေရန် အခြေခံအုတ်မြစ်များဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ Medical Action Myanmar မှ မိခင်နှင့်ကလေးကျန်းမာရေးစီမံချက် တာဝန်ခံ ဒေါက်တာဟိန်းထက်နောင်က ယခုသင်တန်းကို ကျန်းမာရေးဆိုင်ရာ လက်လှမ်းမှီရရှိရေးရန်ပုံငွေ(Access to health Fund)မှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး   သင်တန်းကာလအတွက် ကုန်ကျငွေသိန်း(၃၀ဝ)ကျော်ကုန်ကျမည်ဖြစ်ကြောင်း၊ယခုသင်တန်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး၏ ဦးဆောင်မှုဖြင့်  Medical Action Myanmar မှ အနီးကပ်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်းပြောကြားသည်။


အဆိုပါသင်တန်းသို့ ပူတာအိုခရိုင်အတွင်းရှိ ပူတာအိုမြို့နယ်မှ သင်တန်းသူ(၂၀)ဦး၊ နောင်မွန်မြို့နယ်မှ သင်တန်းသူ (၅) ဦး၊ မချမ်းဘောမြို့နယ်မှ သင်တန်းသူ(၅)ဦးတို့အား  အရန်သားဖွား သင်ရိုးညွန်းတမ်းတွင် ကိုယ်ဝန်ဆောင်ခြင်း၊သားဖွားခြင်း၊ မီးဖွားပြီး စောင့်ရှောက်ခြင်း အကြောင်းအရာများအပြင်    ပြောင်းလဲလာသော ကျန်းမာရေး စောင့်ရှောက်မှု စနစ်နှင့် လျော်ညီစွာ အရန်သားဖွားဆရာမတစ်ဦး အနေနှင့် သိနားလည်ထားသင့်သော သားဆက်ခြားစောင့်ရှောက်မှုပေးခြင်း၊ ကျားမ အခြေပြုအကြမ်းဖက်ခံရသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အပါအဝင် အခြားမျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဘာသာရပ်များကို သင်တန်းကာလခြောက်လကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ဖုန်ကန်(ပူတာအို)