မိတ္ထီလာ    ၉    ဇူလိုင် 


မန္တလေးတိုင်းဒသကြီး၊ မိတ္ထီလာမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ကျေးလက်ကုန်ထုတ်လမ်း(၉)လမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။


၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ(ဒုတိယအကြိမ်)ဖြင့် ကျေးလက်ကုန်ထုတ်လမ်း (၉)လမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို  မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


မြို့နယ်အတွင်းရှိ ကျေးလက်ကုန်ထုတ်လမ်းများဖြစ်သည့် ဂွေးကုန်း-သစ်ဆိမ့်ပင်-ချောင်းဂွလမ်း (၂.၈၁၆)မိုင်၊ မုန်တိုင်-ရေငန် ကျေးရွာချင်းဆက်လမ်း (၇.၂၄)မိုင်တို့အား ဂျင်းခင်းခြင်းလုပ်ငန်းများ၊ သရက်ပင်-ကြွယ်ကန်လမ်းမှ ကြိုးစုရွာ သွားလမ်း (၁.၁၂၇)မိုင်၊ တပျော်-မယ်ဇလီကုန်းလမ်း (၁.၈)မိုင် နှင့် ရေဝေသဖန်ချောင်းလမ်းမှ ပျော်ဘွယ်မြို့နယ် ခြောက်ဆီဒိုင်သွားလမ်း(၃.၂၁၉)မိုင်တို့အား မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းများ၊ မြင်းခြံလမ်းမှကျောက်ပုံ-သရက်တန်းလမ်း (၃.၂၁၉)မိုင်၊အိုင့်-ကင်းပွန်းခြုံလမ်း(၂.၄၁၄)မိုင်တို့အား မြေသားခင်းခြင်းလုပ်ငန်းများကို တင်ဒါအာင်မြင်သည့် ထက်လျှံကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ရာ မေလမှစတင်၍   ခွင့်ပြုငွေကျပ် ၁၅၇.၅၅သန်း ဖြင့် အရှည် ၇.၂၄မိုင်ရှိ မုန်တိုင်-ရေငံကျေးရွာချင်းဆက်လမ်း ဂျင်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ ခွင့်ပြုငွေကျပ် ၂၆၃.၆ သန်းဖြင့် Green Chindwin ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် အရှည်(၂.၂၁၃)မိုင်ရှိ ဇောင်ချမ်းကုန်း-ကဖြူ-မကျီပင်ပု-သာစည်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်လျက်ရှိပြီး ခွင့်ပြုငွေကျပ်  သန်း(၃၀ဝ)ဖြင့် အရှည်(၄.၈၂၈)မိုင်ရှိ ဆပ်ပြာကျင်း-မြောက်လည်- ထိန်ကန်လမ်း မြေသားတာဘောင်တင်ခြင်းလုပ်ငန်းနှင့် ကျောက်ချောခင်းခြင်း လုပ်ငန်းများကို ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို သတ်မှတ်ကာလအတွင်းအပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်စမ်းစမ်းဝါက ပြောကြားခဲ့သည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)