မိတ္ထီလာ ဇူလိုင် ၉


မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပလျက်ရှိသည့် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော်ကို ဇူလိုင် ၉ ရက်နေ့က ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပလျက်ရှိရာ ကလေးစာအုပ်စာပေကျောင်းသူကျောင်းသားများ စိတ်ဝင်တစား လာရောက်ဝယ်ယူ အားပေးကြောင်းသိရသည်။


“စာအုပ်စာပေပြပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော်ကို မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေနဲ့ ရန်ကုန်မြို့က စာပေတိုက်တွေနဲ့ ချိတ်ဆက်ပြီး နှစ်စဉ်ကျင်းပတာဖြစ်ပါတယ်။ ဒီနှစ်တော့ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်အပြင်  ၇၂ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ပုံတူပန်းချီးပြိုင်ပွဲ စတဲ့ ကျောင်းသူကျောင်းသားအတွက် ပြိုင်ပွဲလေးတွေလည်း ထည့်သွင်းကျင်းပပြုလုပ်ပါတယ်။ အဲဒီပြိုင်ပွဲကို လာရောက်တဲ့ ကျောင်းသူကျောင်းသားလေးတွေရော၊ စာအုပ်ဈေးရောင်းပွဲတော်ကို သီးသန့်လာရောက်တဲ့ ကျောင်းသူကျောင်းသားလေးတွေရော က ကလေးစာပေတွေကို စိတ်ဝင်တစား လာရောက်ဝယ်ကြတယ်” ဟု ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်အိအိသန်းက ပြောသည်။ 


အဆိုပါ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော်တွင် ရန်ကုန်မြို့မှ နန်းတော်ဝင်နှင့် မမာလာ စာပေတိုက်တို့မှ စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ သုတရသ စာပေ အမျိုးမျိုးအား ဈေးနှုန်းချိုသာစွာဖြင့် ခင်းကျင်းပြသ ရောင်းချလျက် ၎င်းစာအုပ်ဈေးရောင်းပွဲတော်ကို ဇူလိုင် ၁၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 


ချမ်းသာ(မိတ္ထီလာ)