၉ ဇူလိုင်
၂၀၁၅ ခုနှစ် နျူကလီးယားဆိုင်ရာ သဘောတူညီချက်အရ သတ်မှတ်ထားသော ယူရေနီယံ သန့်စင်မှုပမာဏ ကန့်သတ်ချက်ကို ကျော်လွန်ကာ ထုတ်လုပ်လိုက်ပြီဟု အီရန်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက်တွင် အမေရိကန် ဒုတိယသမ္မတ မိုက်ပန်စီ က အီရန် နိုင်ငံကို အပြင်းအထန် ဝေဖန်ခဲ့သည်။
မိုက်ပန်စီ သည် ဝါရှင်တန်တွင် အစ္စရေးကို ထောက်ခံသည့် ခရစ်ယာန်အုပ်စုနှင့် တွေ့ဆုံကာ ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။
နျူကလီးယား သဘောတူညီချက်တွင် သတ်မှတ်ထားသည့် ယူရေနီယံ သန့်စင်မှုပမာဏ ၃ ဒသမ ၆၇ ရာခိုင်နှုန်း ကန့်သတ်ချက်ကို ကျော်လွန်ကာ ထုတ်လုပ်ခဲ့ကြောင်း အီရန် ထုတ်ဖော်ပြောကြားပြီးနောက် ၎င်း၏ ပြစ်တင်ဝေဖန်မှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်းတွင် အလွန်အန္တရာယ်ကြီးသည့် အကြမ်းဖက်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည်ဟု မိုက်ပန်စီ က ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် အီရန်နိုင်ငံ၏ စီးပွားရေးအပေါ် ဖိအားပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပြီး အီရန်နိုင်ငံကို နျူကလီးယား လက်နက်ရယူခွင့် လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
အမေရိကန်နိုင်ငံအနေဖြင့် အကောင်းဆုံးကို မျှော်လင့်ပါကြောင်း သို့သော်လည်း ထိုဒေသရှိ နိုင်ငံသားများ နှင့် ဝန်ထမ်းများ အမေရိကန် အကျိုးစီးပွားကို ကာကွယ်ရန် စစ်ရေးအသင့်ပြင်ဆင်ထားကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို