ရန်ကုန်  ၉  ဇူလိုင် 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့(၄၇)ပါးစုံညီ ဒုတိယအစည်းအဝေး ဒုတိယနေ့ကိုယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။


အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ဝင်ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြည်ညိုကြသည်။


အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ က ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဓမ္မာစာရ က ဆောင်ရွက်တော်မူသည်။


အစည်းအဝေးတွင်အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် များအနက် သာသနာ့ရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာဆောင်ရွက်ချက်များအပေါ် အဖွဲ့ဝင်ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးတော်မူကြပြီး သာသနာ့ရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။


ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာ၊ ဝေဖန် ဆွေးနွေး ချက်များနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်ဆရာတော်ကြီးများက ပြန်လည်ရှင်းလင်း လျှောက်ထားတော်မူကြပြီး ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာကိုတွဲဖက်အကျိုးတော်ဆောင် ဆရာတော်က အတည်ပြုချက်ရယူသည်။


ယင်းနောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီး များက ဇယန္တောဗောဓိယာမူလေအစချီသည့် နှစ်ဂါထာကိုသုံးကြိမ်ရွတ်ဆိုတော် မူကြပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါး စုံညီ ဒုတိယအစည်းအဝေး မွန်းလွဲပိုင်းတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။ 


ယနေ့ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃ မဟာနာယကဆရာတော်ကြီးများအား တစ်နေ့တာဆွမ်းအလှူရှင်အဖြစ် ကျိုက္ကစံ ဝေဠုဝန်(ရွှေကျင်) ကျောင်းတိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တမာနိတ နှင့် တပည့်ဒါယကာ၊ ဒါယိကာမများက သတ္တဝီသတိမ(၂၇)ကြိမ်မြောက်  ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။


သတင်းစဉ်

 

1