နေပြည်တော် ၉ ဇူလိုင် 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စတေနိုင်ငံ သံအမတ်ကြီး H.E. Mr. Joao Freitas de Camara အား ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် သဘာဝသယံဇာတအရင်းအမြစ် ရေရှည်တည်တံ့စွာ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် နှစ်နိုင်ငံအကြား အတွေ့အကြုံ၊ နည်းပညာနှင့် နည်းလမ်းကောင်းများ အပြန်အလှန် လေ့လာဖလှယ်နိုင်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူရာတွင် တွေ့ကြုံနိုင်သည့် ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေရေး အစီအမံများ၊ သစ်တောဖုံးလွှမ်းမှု အခြေအနေ၊ သစ်တောစီမံအုပ်ချုပ်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် မှော်ဘီမြို့ရှိ အာရှသစ်တော ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ဒေသတွင်းလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း၌ သင်တန်းသားတက်ရောက်နိုင်မှု၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။ 

သတင်းစဉ်