နေပြည်တော် ၉ ဇူလိုင် 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Union Enterprise for Humanitariun Assistance, Resettlement and Development in Rakhine State (UEHRD) ကော်မတီမှ ဦးတိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ်၊ ASEAN Secretariat နှင့် AHA Centre မှ ကိုယ်စားလှယ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Shri Saurabh Kumar ၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့နှင့်အတူ မောင်းတောမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာပြီး နေရပ်စွန့်ခွာသူများ အတွက်အိန္ဒိယနိုင်ငံက ဆောက်လုပ်လှူဒါန်းသည့် နေအိမ် (၂၅၀) လုံးလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. ShriSaurabh Kumar က လှူဒါန်းရသည့် အကြောင်းရင်းကို ပြောကြားပြီး အိမ်ရာဆိုင်ရာ စာရွက်စာတမ်းများကို နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံထံ လွှဲပြောင်းပေးအပ်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယနိုင်ငံ အစိုးရတို့အကြား ရေးထိုးထားသောနား လည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံက ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ၅ နှစ်တာကာလအတွင်း စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၅ သန်း ထောက်ပံသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါအကူအညီများမှ ပထမနှစ်အနေဖြင့် Prefabricated Houses များကို ရွှေဇားကျေးရွာတွင် ၁၄၈ လုံး၊ နံသာတောင် ကျေးရွာတွင် ၄၂ လုံး၊ ကြိမ်ချောင်းတောင်ကျေးရွာတွင် အလုံး ၆၀ စုစုပေါင်း အလုံး ၂၅၀ အား ဆောက်လုပ်ပြီးစီးခဲ့ပြီး ယနေ့တွင် မြန်မာနိုင်ငံအစိုးရသို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပါကြောင်း၊ နားလည်မှုစာချွန်လွှာအရ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး၊ ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေး၊ ရေနှင့်သန့်ရှင်းရေး စသည့် ကျယ်ပြန့်သော နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မည့်စီမံကိန်း ၂၂ ခုကို ဆက်လက်အကောင်အထည်ဖော်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များတွင်သာမက ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝိုင်းအားလုံးအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင်ပါ ကူညီထောက်ပံ့မှုများအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ကိုယ်စား လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကျေးဇူးတင်အသိ အမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် နှစ်နိုင်ငံအကြား သမိုင်းကြောင်း တစ်လျောက်တည်ရှိခဲ့သော ဆက်ဆံရေးကောင်းများကို တန်ဖိုးထားပါကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်း ကောင်းပီသသော အကူအညီကောင်းများအတွက် အသိအမှတ်ပြုသည်ကို ထပ်လောင်းပြောကြားလိုပါကြောင်း၊ အာဆီယံနိုင်ငံများမှလည်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်လျက်ရှိပြီး အာဆီယံနိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် ASEAN Emergency Response and Assessment Team (ERAT Team)သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကနဦးလိုအပ်ချက်များ လေ့လာဆန်းစစ်မှုအား ပြုလုပ်ပြီးစီးခဲ့ပြီး အာဆီယံနိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို ဖော်ထုတ်ခဲ့ပြီး ဖြစ်ပါကြောင်း။ 

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ဒေသတွင်း အာဆီယံနိုင်ငံများသာမက ဂျပန်နိုင်ငံ စသည့်မိတ်ဆွေနိုင်ငံများ၏ အပြုသဘောဆောင်သော အကူအညီအထောက်အပံ့များသည် မြန်မာနိုင်ငံအစိုးရ၏ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ ပြင်ဆင်မှုများနှင့် အခြေအနေကောင်းများ ဖန်တီးပေးမှုများအတွက် များစွာအကူအညီဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ဆိုင်ရာလုပ်ငန်းစဉ်များမှာ အိမ်ရာများအပါအဝင် အခြေခံအဆောက်အဦများ၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာ အကူအညီများလည်း လိုအပ်ပါကြောင်း၊ ယခုဆောက်လုပ်ပြီးစီးသွားသော နေအိမ်များကိုလည်း လိုအပ်သည့် ရေ၊ မီး၊ ကျန်းမာရေး၊ ပညာရေး၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ စသည့်တို့နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် အိန္ဒိယနိုင်ငံအပါအဝင် မိတ်ဖက်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆောက်လုပ်ရေးအင်ဂျင်နီယာက အိမ်ပုံစံတူကိုပေးအပ်ရာ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လက်ခံပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. ShriSaurabh Kumar နှင့်အတူ လွှဲပြောင်းပေးအပ်သည့် အဆောက်အဦများအတွက် အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို ဖွင့်လှစ်ပေးခဲ့ကြပြီး အဆောက်အဦများကို လှည့်လည်ကြည့်ရှုခဲ့ကြကာ ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်