နေပြည်တော် ၉ ဇူလိုင် 

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်ညှိနှိုင်းအစည်းအဝေး (၂/၂၀၁၉)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးသို့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) မြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ တာဝန်ရှိသူများနှင့် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီအကြံပေး ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ဖွဲ့စည်းပြီးနောက် ရေနှင့်ဆက်နွယ်သည့် ကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရန်၊ ရေအရင်းအမြစ်များကို ထိရောက်စွာစီမံခန့်ခွဲရေးနှင့် အကျိုးရှိစွာအသုံးချနိုင်ရန်၊ နိုင်ငံတကာအဖွဲ့အစည်းများ ထိရောက်အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူပြုနိုင်ရန်၊ ရေအရင်းအမြစ်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးရန် ကော်မတီ၏ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးများကို ကျင်းပလျက်ရှိရာ ယခုအခါ (၁၀)ကြိမ်မြောက် ဖြစ်ပါကြောင်း။

ညှိနှိုင်းအစည်းအဝေးများမှတစ်ဆင့် ရေနှင့်ဆက်နွယ်သည့်ဝန်ကြီးဌာန အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ကော်မတီ၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ရေဆိုင်ရာပြဿနာများ ဖြေရှင်းမှုတို့အတွက် ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း။

ယခုအခါမိုးတွင်းကာလသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ရေကြီးရေလျှံမှု ကာကွယ်ရေး လုပ်ငန်းများနှင့် ဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း။

ယင်းသို့ဆောင်ရွက်ရာတွင် Early Warning စနစ်နှင့်ကယ်ဆယ်ရေး လုပ်ငန်းများအပြင် သက်ဆိုင်ရာဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းများနှင့် အများပြည်သူအတွက် အသိပညာပေးလုပ်ငန်းများကို တွဲဖက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ရေကြီးရေလျှံမှုနှင့်ဆက်နွယ်သည့် နောက်ဆက်တွဲရောဂါများအတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနအဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များရှိပါကလည်း ထည့်သွင်းဆွေးနွေးပေးကြစေလိုပါကြောင်း။

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီနှင့် ရေဆိုင်ရာဝန်ကြီးဌာနအဖွဲ့ အစည်းများအနေဖြင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာဆောင်ရွက်လျက်ရှိရာ အပြည်အပြည်ဆိုင်ရာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း။

မိမိတို့နိုင်ငံအတွင်းတွင် နယ်သာလန်၊ သြစတြေးလျ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ နော်ဝေ၊ ပြင်သစ်၊ ကမ္ဘာ့ဘဏ်၊ ADB စသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် စီမံကိန်းများ၊ လေ့လာမှုများအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ Focal အဖြစ်ဆောင်ရွက်နေသည့် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ထိရောက်စွာ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။

တစ်ဖက်တွင်လည်း အဆိုပါပူးပေါင်းဆောင်ရွက်မှုများ၊ စီမံကိန်းများ၊ လေ့လာမှုများသည် မိမိတို့နိုင်ငံနှင့် နိုင်ငံသားအများစုအတွက် အမှန်တကယ် ထိရောက်အကျိုးရှိစေရန်လို အပ်ပါကြောင်း၊ ထို့ပြင် Cost and Benefit ကိုလည်း ချင့်ချိန်သုံးသပ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအဖွဲ့အစည်းများအကြား ရေဆိုင်ရာအချက်အလက်များကို စနစ်တကျမျှဝေမျှ၍ ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်အနေဖြင့် ရေကဏ္ဍအပါအဝင်ကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံသားတို့၏ မြို့ပြနှင့် ကျေးလက်ဒေသတို့တွင် လူနေမှုဘဝတိုးတက်စေရန်အတွက် နှစ်စဉ်ဘဏ္ဍာငွေများစွာ ကျခံဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တာဝန်ရှိ သူများအနေဖြင့် နိုင်ငံတော်၏ဘဏ္ဍာငွေကို ထိရောက်အကျိုးရှိစွာ သုံးစွဲရာတွင် ဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျကြီးကြပ်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။

ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးများမှ ဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီး အများစုကို ဆောင်ရွက်ပြီးဖြစ်၍ ကျန်ရှိနေသည့်လုပ်ငန်းများကို ပြီးစီးအောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အမျိုးသားရေဥပဒေပြုစုရေးနှင့် ပတ်သက်၍ Task Force ဖွဲ့စည်းပေးထားပြီးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် အချိန်မီပြီးစီးအောင် အားလုံးဆက်လက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း၊ ဝန်ကြီးဌာနအဖွဲ့ အစည်းများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် လိုအပ်ချက်များ ရှိပါကလည်း တင်ပြကြရန် ပြောကြားလိုပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ကော်မတီနှင့် ဆက်နွယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများမှ ကော်မတီဝင်များ၊ ကိုယ်စားလှယ်များအနေဖြင့် ရေနှင့်ဆက်နွယ်သည့် လုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဝန်ကြီးဌာနအဖွဲ့အစည်းများ အကြားညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များ၊ အကြံပြုချက်များနှင့်ပတ်သက်၍ တက်တက်ကြွကြွဝိုင်းဝန်း ဆွေးနွေးအကြံပြုပေးကြစေလိုပါကြောင်း၊ နိုင်ငံနှင့်ပြည်သူများအတွက် အကျိုးရှိစေသည့် ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှု စနစ်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ကော်မတီ၏လုပ်ငန်းတာဝန်များနှင့် ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများမှလည်း ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေအရင်းအမြစ် ဘက်စုံစီမံကိန်းလုပ်ငန်းများ၊ နိုုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ရေနှင့်ဆက်နွယ်သည့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများအတွက် ဝိုင်းဝန်းညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့အတွက် ဆောင်ရွက်ရမည့် အချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကော်မတီတွဲဖက်အတွင်းရေးမှူး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဦးတင်မြင့်၊ ဒေါက်တာရဲမြင့်ဆွေ၊ ရန်ကုန်မြို့တော်ဝန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေရရှိရေးဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာနအလိုက် ရေအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများတွင် ရေအရင်းမြစ်များသုံးစွဲနေမှု၊ ရေဆိုးထုတ်လုပ်နေမှုများအား ကွင်းဆင်းကြပ်မတ်ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေ အခက်အခဲမရှိစေရေးအတွက် ဆည်များ၊ ကန်များ၊ စက်ရေတွင်းများ တူးဖော်ဆောင်ရွက်ပေးနေမှု၊ အကြံပေးကော်မတီ၏ အကြံပြုချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ရေလမ်းကြောင်းများ ကောင်းမွန်အောင် ရေနုတ်မြောင်းများ ဆောင်ရွက်သွားမည့် အခြေအနေ၊ ငါးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြစ်ချောင်းများ၊ အင်းများ ဖွံ့ဖြိုးတိုးရေးဆောင်ရွက်နေမှု၊ တက္ကသိုလ်များတွင် ရေနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများဆောင်ရွက်နေမှု၊ ရေဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ကယ်ဆယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် လက်ရှိရေပေးဝေနေမှုနှင့် တိုးချဲ့ရေပေးဝေနိုင်ရေး ဆောင်ရွက်နေမှု၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက်နေမှု၊ ရေဘေးကာကွယ်ရေးနှင့် ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများ၊ ရေကြီးရေလျှံမှုလျော့ပါး ရေးလုပ်ငန်းများ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်တိမ်ကောမှုနှင့် ပြန်လည်တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုအခြေအနေနှင့် ဧရာဝတီမြစ်ရေလမ်းကြောင်းကောင်းမွန်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မှု၊မြစ်ကြောင်းများ ကောင်းမွန်အောင် ထိန်းသိမ်းဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရေနှင့်ဆက်နွယ်သည့် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ကဏ္ဍအလိုက်ပူးပေါင်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဦးချိုချိုက အမျိုးသားရေဥပဒေရေးဆွဲခြင်းနှင့် ပက်သတ်၍ လုပ်ငန်းတိုးတက်မှု အခြေအနေများကိုလည်းကောင်း၊ ကော်မတီအကြံပေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာ ဒေါ်ခင်နီနီသိန်းက အကြံပေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းများနှင့် ရေနှင့် ဆက်နွယ်သည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကြပြီး ကော်မတီမှ အတည်ပြုဆုံးဖြတ်ပေးရန် ကိစ္စရပ်များကို အတည်ပြုဆုံးဖြတ်ကြသည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှုဗဟိုဌာနကို အကောင်အထည်ဖော် တည်ဆောက်ပြီးပါက နိုင်ငံတော်အတွက် ထိရောက်ထူးခြားကောင်းမွန်သည့် အကျိုးရလဒ်များ ရရှိလာမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှု လုပ်ငန်းများ အောင်မြင်စေရေးအတွက် တာဝန်ရှိသူအားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်