ရန်ကုန် ၉ ဇူလိုင်
အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး (KNU) နှင့် တို့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အလွတ်သဘော တွေ့ဆုံဆွေးနွေးရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) တွင်ပါရှိသည့် ကြားလအတွင်းဆောင်ရွက်ရမည့် အစီအစဉ်များ၊ အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ပြိုင်တည်းဆောင်ရွက်သွားမည့် လမ်းကြောင်းလေးခု အဆိုပြုချက်၊ ဒေသခံတိုင်းရင်းသား ပြည်သူများ ဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး လာမည့်သြဂုတ်လတွင် နှစ်ဖက် ပြန်လည်တွေ့ဆုံရန် လျာထားသတ်မှတ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက “အစိုးရ ဘက်ကတော့ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများ အစည်းအဝေးမှာ လမ်းကြောင်းလေးခု တစ်ပြိုင်တည်းသွားဖို့ အဆိုပြုထားတာရှိတယ်။ ဒါကို ပြန်ရှင်းပြတယ်။ KNU ဘက်ကတော့ NCA အရဖြစ်ပေါ်လာတဲ့ ကြားကာလနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမဲ့ အပိုင်းတွေ ကိုဆွေးနွေးတယ်။ KNU ရဲ့ သဘောထားကော ကျွန်တော်တို့ အစိုးရဘက်က သဘောထားကော ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်။ အချက် (၅) ချက်လောက်ရပါတယ်။ နောက်ဆုံး အချက်ကတော့ ကျွန်တော်တို့ လာမယ့်သြဂုတ်အတွင်းမှာ ပြန်တွေ့ဖို့ပါ။ အစိုးရဘက်က ကမ်းလှမ်းချက်တွေကို ကျွန်တော်တို့ ပေးလိုက်တယ်။ အဲ့ဒီကမ်းလှမ်းချက်တွေကို KNU အလုပ်အဖွဲ့မှာ ဆွေးနွေးမယ်။ ပြီးရင် ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ပြန်တင်ပြပြီး သြဂုတ်လ အတွင်းမှာ ပြန်တွေ့ဖို့ နှစ်ဖက်လုံးကြိုးစားမယ်ဆိုပြီး လုပ်ထားတယ်။ အထူးသဖြင့်ကတော့ NCA လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ ယုံကြည်မှုတည်ဆောက်ရေးက အလွန်အရေးကြီးတယ်။ အဲ့ဒီဒေသမှာရှိတဲ့ ဒေသခံ တိုင်းရင်းသား ပြည်သူတွေရဲ့ ဖွံ့ဖြိုးရေး ကိစ္စတွေပေါ်မှာ ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ခြုံငုံပြီး ဆွေးနွေးတာ ဖြစ်ပါတယ်” ဟုပြောသည်။
အစိုးရ၏ တစ်ပြိုင်တည်းဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအနေဖြင့် NCA အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကြားကာလဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ အဆိုပြုဆွေးနွေးရန်၊ NCA လမ်းကြောင်းဖြစ်စဉ်အရ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ဖက်ဒရယ်အခြေခံမူများရရှိအောင် ဆောင်ရွက်ရန်၊ ၂၀၂၀ မတိုင်ခင်နှင့် ၂၀၂၀ အလွန်ကာလများတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) ဆွေးနွေးဖက်များအကြား အဆင့်လိုက်ဆောင်ရွက်သွားရမည့် အရာများဆောင်ရွက်ရန်နှင့် NCA လက်မှတ်ရေးထိုးထားခြင်း မပြုရသေးတဲ့ အဖွဲ့များပါဝင်ရေးဆောင်ရွက်ရန်၊ NCA NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေး၏ အကျိုးတရားများ လက်တွေ့ခံစားနိုင်ရန်အတွက် စီမံကိန်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် စသည့် အဆိုပြုချက်များ ပါဝင်ကြောင်း ဦးဇော်ဌေးထံမှ သိရသည်။
“NCA အကောင်အထည်မှုနဲ့ ပတ်သက်တာတွေ လက်ခံနိုင်အောင်လုပ်မယ်။ ငြိမ်းချမ်းရေးညီလာခံမှာ ဖက်ဒရယ်အခြေခံမူတွေ ရနိုင်အောင် ကျွန်တော်တို့ အတက်နိုင်ဆုံးလုပ်မယ်။ နောက် ၂၀၂၀ မတိုင်ခင် ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်အောင် လုပ်ဆောင်ပြီး ဘာတွေရအောင် လုပ်မလဲ။ ၂၀၂၀ ကျော်ရင် အဆင့်လိုက် အဆင့်လိုက် ဘယ်လိုသွားကြမလဲ။ နောက်ထပ်အရာတွေကတော့ ငြိမ်းချမ်းရေးရဲ့ အကျိုးတရားကို ဒေသခံပြည်သူတွေ ခံစားနိုင်ဖို့ပါ။ ဒါဟာ တစ်ချိန်တည်း တစ်ပြိုင်တည်းသွားဖို့ အစိုးရက အဆိုပြုထားတာဖြစ်ပါတယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးကပြောသည်။
ယနေ့တွေ့ဆုံပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်များအဖြစ် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေး အကြံပေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦးနှင့် ဦးမိုးဇော်ဦး တို့တက်ရောက်ခဲ့ကြပြီး ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ တွဲဘက်အထွေထွေအတွင်းရေးမှူး-၁ ပဒိုစောဆဲပွယ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုနော်ဒါးဒါး၊ ပဒိုမန်းဘထွန်း၊ ပဒိုစောနေသဘလေး၊ ပဒိုစောအယ်ကလူရွှေဦးနှင့် နော်မေဦးတို့ တက်ရောက်ခဲ့ကြသည်။
ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် "ငြိမ်းချမ်းရေး ရေးငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီရပ်ဆိုင်းထားပြီး အလွတ်သဘော ဆွေးနွေးမှုလမ်းကြောင်းမှတစ်ဆင့် ဆွေးနွေးအဖြေရှာသွားမည်ဟု ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့အထိ အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အလွတ်သဘော (၈) ကြိမ် တွေ့ဆုံခဲ့ကြောင်း သိရသည်။
သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..HMS


