ဝါရှင်တန် ၁၀ ဇူလိုင်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် တရုတ်ထိုင်ဝမ်သို့ လက်နက်များရောင်းချရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း ပင်တဂွန်က ထုတ်ပြန်လိုက်သည်။ တိုက်ပွဲဝင် တင့်ကားများ၊ လေကြောင်းရန်ကာကွယ်ရေး ဒုံးပျံများပါဝင်ပြီး အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိသည့် စစ်လက်နက်ပစ္စည်းများအား တရုတ်ထိုင်ဝမ်သို့ ရောင်းချမှုဟာ ဆယ်စုနှစ်တစ်ခုအတွင်း တရုတ်ထိုင်ဝမ်သို့ အကြီးမားဆုံး လက်နက်ရောင်းချမှု ဖြစ်လာနိုင်သည်။

စစ်လက်နက်ဆိုင်ရာမှာ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား တင်းမာသည့် အခြေအနေရှိနေပြီး ယခုလို အမေရိကန်က တရုတ်ထိုင်ဝမ်ကို လက်နက်ရောင်းချတာဟာ တရုတ်နိုင်ငံအတွက် ဒေါသထွက်စရာဖြစ်လာနိုင်သည်။ အမေရိကန်နိုင်ငံ Defense Security Cooperation Agency (DSCA) က ထုတ်ပြန်သည့် အချက်အလက်များအရ M1A2T Abrams တင့်ကား ၁၀၈ စီး၊ ပခုံးထမ်း လေယာဉ်ပစ် ဒုံးပျံ ၂၅၀ နှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

ဒီလိုရောင်းချခြင်းဟာ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေးအရ တရုတ်ထိုင်ဝမ်၏ လုံခြုံရေးနှင့် ကာကွယ်ရေးစွမ်းရည်ကို ထောက်ပံ့ကူညီပေးခြင်းဖြစ်ကြောင်း၊ တရုတ်ထိုင်ဝမ်၏ ပင်မတိုက်ပွဲဝင်တင့်ကားများ ခေတ်မီစွမ်းရည်ရရှိစေရန် အထောက်အကူ ဖြစ်စေမှာဖြစ်ကြောင်းနှင့် ဒေသတွင်း စစ်အင်အား ချိန်ခွင်လျှာကို ပြောင်းလဲသွားစေမှာ မဟုတ်ကြောင်း DSCA ဘက်ထုတ်ပြန်ထားသည်။

တရုတ်အစိုးရဟာ  တရုတ်ထိုင်ဝမ်ကို လက်နက်ရောင်းချမှုနှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိသမျှကို အလိုမကျကြောင်း ယခုလ အစောပိုင်းကတည်းက ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုထားသည်။

 

mdn

 

တရုတ်-ထိုင်ဝမ်သည် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ် ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံမှ ခွဲထွက်ခဲ့ခြင်းဖြစ်သော်လည်း တရုတ်အစိုးရအနေဖြင့် ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်ကာ လိုအပ်ပါက အင်းအားသုံး သိမ်းသွင်းသွားမည်ဟု ဆုံးဖြတ်ထားသည်။

၂၀၁၆ ခုနှစ်က တရုတ်တိုင်ပေ ရွေးကောက်ပွဲတွင် ဆိုင်အင်းဝမ်း အနိုင်ရပြီးနောက်ပိုင်း တရုတ်အစိုးရသည် တိုင်ပေအပေါ် သံတမန်ရေးအပြင် စစ်ရေးအရပါ သိသိသာသာ ဖိအားများ ပေးလာခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံမှ ထိုင်ဝမ်ခွဲထွက်ခြင်းကို အမေရိကန်နိုင်ငံက ၁၉၇၉ ခုနှစ်တွင် သံတမန်ရေးအရ အသိအမှတ်ပြုခဲ့သော်လည်း တရုတ်ထိုင်ဝမ်ကို လက်နက်ထောက်ပံ့ခြင်းနှင့် မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း သိရသည်။ တစ်နှစ်ကြာပြီးနောက် အမေရိကန် လွှတ်တော်တွင် အမေရိကန်အစိုးရအနေဖြင့် တရုတ်ထိုင်ဝမ်၏ ကိုယ်ပိုင်ကာကွယ်ရေးကို ထောက်ပံ့ပေးရန် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

သမ္မတဒေါ်လ်နယ်ထရန့် လက်ထက်တွင် တရုတ်ထိုင်ဝမ်နှင့် ဆက်ဆံရေး ခိုင်မာရန် ချည်းကပ်လာပြီး စစ်လက်နက်များ ပိုမိုရောင်းချလိုသည့် သဘောထားများ ပေါ်ပေါက်လာသည်။

တရုတ်ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ဖိအားများနှင့်  ကြီးမားသည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရကြောင်း တရုတ်ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ၎င်း၏ လေတပ်ကို အဆင့်မြှင့်တင်ရန် ဆန္ဒရှိနေသည်။

SMZaw( MDN )

Source> AFP