ဇင်ဦး(မြန်မာ့အလင်း)
ပုဂံဟုဆိုသည်နှင့် မြန်မာတို့၏ အထွတ်အမြတ်ထားရာ နှလုံးသည်းပွတ်နေရာတစ်ခုအဖြစ် အားလုံးကလက်ခံထားကြသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသကို မြန်မာ့အမွေအနှစ်မှသည် ကမ္ဘာ့အမွေအနှစ်အဖြစ်သို့ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေးတွင် သတ်မှတ်ခံခဲ့ရသည့်အတွက် ပြည်သူများအားလုံးကပင် ဝမ်းသာဂုဏ်ယူလျက်ရှိကြသည်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို သီးသန့်ထူးခြားစွာ တည်ရှိနေသော ယဉ်ကျေးမှုအမွေအနှစ်၊ အစဉ်အလာများအား ဖော်ပြနိုင်ခြင်း၊ ဗိသုကာအနုပညာလက်ရာများ၊ နည်းပညာများ၏ ထူးခြားမှုကို ဖော်ပြနေခြင်း၊ အစဉ်အလာ ဓလေ့ထုံးတမ်းများ၊ ကိုးကွယ်ယုံကြည်မှု၊ အနုပညာနှင့် အယူအဆများ ဆက်လက်ရှင်သန်နေခြင်း စသည့် ကမ္ဘာလုံး ဆိုင်ရာ စံတန်ဖိုးများဖြင့်ညီညွတ်သဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းအဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။

လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်းဟူသည့် ဆိုရိုးအတိုင်း ရှေးဟောင်းပုဂံဒေသတွင် ဘုရားစေတီပုထိုးပေါင်းများစွ ာလက်ညှိုးထိုးမလွဲ တည်ရှိခဲ့သည်။ ခေတ်အဆက်ဆက် သဘာဝဘေးဒဏ်နှင့် လူတို့၏ ပယောဂကြောင့် ယခုအချိန် တွင် ပုဂံဒေသ၌ ဘုရားစေတီပေါင်း ၃၈၂၂ဆူခန့်သာ ကျန်ရှိ တော့ကြောင်း မြန်မာနိုင်ငံ ဗိသုကာအသင်း၏ စစ်တမ်းများအရ သိရသည်။ ၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်သင့် ဘုရားစေတီ အဆူ ၃၅၀ ကျော်ကိုလည်း ယခုတိုင် ပြုပြင်နေရဆဲပင် ဖြစ်သည်။

ပုဂံဒေသတွင် ၂၀၁၅ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် မြစေတီကျောက်စာကို လည်း လေ့လာနိုင်သည့်အပြင် ရှေးဟောင်းအမွေအနှစ်များနှင့် အနုလက်ရာများစွာကိုလည်း တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း အများဆုံး တွေ့မြင်နိုင်သည်။

ထို့ကြောင့် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဒေသဟူသော စံတန်ဖိုးနှင့်အညီ မိမိတို့၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား မပျောက်မပျောက်ဘဲ ရေရှည်တည်တံ့အောင် တန်ဖိုးထားထိန်းသိမ်းရန် များစွာ လိုအပ်လှပေသည်။ ။