မုံရွာ ၁၀ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ခတက္ကန်(တောင်)ကျေးရွာ ဗောဓိတထောင် သာသနာ့နယ်မြေအတွင်းရှိ ဗောဓိတထောင် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းအား ဇူလိုင်လ (၁၄)ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာသစ်ထုတ်ရေးဒေသမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးဇော်ဝင်းသိန်း၏ ပြောကြားချက်အရ သိရသည်။
“ဆင်စခန်းမှာတော့ ဆင်တွေရဲ့သဘာဝ၊ ဆင်သမားတွေ တောတွင်းနေထိုင်မှု ဓလေ့ထုံးစံတွေနဲ့ ကျေးရွာပုံစံကို လက်တွေ့လေ့လာခွင့်ရမယ်၊ နောက်ပြီးခေတ်အဆက်ဆက်က ဆင်တွေကို အသုံးပြုခဲ့ပုံတွေကို မှတ်တမ်းဓာတ်ပုံတွေနဲ့ လေ့လာခွင့်ရမယ်၊ ဝန်ဆောင်မှုအနေနဲ့ကတော့ အခုဖွင့်လှစ်တဲ့ ဆင်စခန်းကနေ ထိုင်တော်မူ ရုပ်ပွားတော်ကြီးတည်ရှိရာ တောင်ခြေအထိကို ဆင်တွေနဲ့သွားရောက်လေ့လာခွင့်ရဖို့အတွက် စီစဉ်ထားတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာသစ်ထုတ်ရေးဒေသမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးဇော်ဝင်းသိန်းက ပြောသည်။
ဗောဓိတထောင် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသို့ လာရောက်လည်ပတ်ကြမည့် ပြည်တွင်း ဧည့်သည်များသည် ဆင်စခန်းဝင်ကြေးအနေဖြင့် ငွေကျပ် ၁၀ဝ၀ နှုန်း၊ ဆင်စီးနင်းပါက တစ်ဦးလျှင်ငွေကျပ် ၅၀ဝ၀ နှုန်းဖြင့် လည်းကောင်း၊ နိုင်ငံခြားဧည့်သည်တစ်ဦးလျှင် ဝင်ကြေးကို ငွေကျပ် (၁၀ဝ၀ဝ) ဖြင့်လည်းကောင်း၊ ဆင်စီးပါက တစ်ဦးလျှင်ငွေကျပ် ၂၀ဝ၀ဝ နှုန်းဖြင့် စီးနင်းနိုင်ပြီး (၅) နှစ်အောက်ကလေးငယ်များနှင့် သံဃာတော်များ၊ သီလရှင်များအား ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


