လဟယ် ၁၀ ဇူလိုင် 


စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဇူလိုင် ၉ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျမှုများ ဖြစ်ပေါ်သဖြင့် တိုးချဲ့ရပ်ကွက်-၁ ရှိ လူနေအိမ် ၂ လုံးမှ မိသားစုဝင် ၁၃ ဦးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးညီညီထံမှ သိရသည်။


လဟယ်မြို့တွင် ဇူလိုင် ၈ ရက်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် ရေဆိုး ထွက်ပေါက်များ ရေတိုက်စား၍ ကမ်းပါးပြိုကျမှုဖြစ်ပေါ်ကာ လူနေအိမ်အနီးသို့ ရောက်ရှိလာသဖြင့် အဆိုပါ လူနေအိမ် (၂)လုံးရှိ မိသားစုဝင်များအား တာလံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ ရွေ့ပြောင်းပေးထားကြောင်း သိရသည်။

 

1


“လူနေအိမ်တွေက မြေပြိုကျမှုကြောင့် အန္တရာယ်ရှိတဲ့ အနေအထားကို ရောက်လာတဲ့အတွက် အရေးပေါ် ရွေ့ပြောင်းပေးထားတယ်၊ အိမ်တွေကတော့ မပြိုကျသွားဘူး၊ စောင့်ကြည့်နေတယ်၊ မိသားစုတွေကိုလိုအပ်တဲ့ အကူအညီတွေကိုလည်း ပေးထားတယ်၊ ကျေးရွာတချို့ဘက်မှာလည်း ချောင်းကူးတံတား ရေထဲပါသွားတာတွေ ဖြစ်နေတယ်၊ ယာယီလူကူးတံတား အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးဖို့ လုပ်ဆောင်နေတယ်” ဟု လဟယ်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးညီညီက ပြောသည်။


အဆိုပါ မိသားစုများ ရွှေ့ပြောင်းရာတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ဝင်(စီမံ) ဦးလော်ယုံ၊ စီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)

 

1