မန္တလေး ၁၀ ဇူလိုင်
မန္တလေးမြို့ စည်ပင်သာယာဖွံ့ဖြိုးစေရန် မန္တလေးမြို့ လူနေမှုနှင့် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စွန့်ဦးတီထွင်ပြိုင်ပွဲကြီးကို သြဂုတ်လမှာ ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MRYEA) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးညီညီကပြောသည်။
အဆိုပါ ပြိုင်ပွဲတွင် မန္တလေးမြို့ လူနေမှုဘဝ တိုးတက်စေဖို့ အကြံဉာဏ်များ၊ လုံခြုံစိတ်ချသော မြို့တော်ကြီးဖြစ်စေဖို့ အကြံဉာဏ်များ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ ကျန်းမာသန်စွမ်းသော မြို့နေလူထုဘဝရရှိရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာရေး၊ မြို့နေကလေးသူငယ်များနှင့် လူငယ်များ၏ပညာရေးကောင်းမွန်စေရေး စသဖြင့် ပိုမိုတိုးတက်ကောင်းမွန်သော မြို့တော်ကြီးဖြစ်စေရန် ဖော်ဆောင်သင့်သည့် အစီအစဉ်များကို တင်ပြကာ ပါဝင်ယှဉ်ပြိုင်ရ မည်ဖြစ်ကြောင်း သိရသည်။
‘ရည်ရွယ်ချက်က CSR ပြိုင်ပွဲပေါ့၊ ပုံမှန်ပြိုင်ပွဲတွေ လုပ်ခဲ့တယ်။ တော်ရုံလူတွေက အိုင်ဒီယာတွေကို Sharing မလုပ်ကြဘူး။ မန္တလေးမြို့ကြီးအကျိုးရှိအောင် မန္တလေးမြို့ကြီး စိမ်းလန်းဖို့ CSR ပြိုင်ပွဲဆိုပြီး လုပ်တယ်။ သူ့တို့အိုင်ဒီယာတွေကို Sharing လုပ်တဲ့အတွက် တခြားသူတွေက ယူမယ်ဆိုလည်း အကျိုးရှိတယ်၊ အဲတာကြောင့် ဆောင်ရွက်ဖြစ်တာပါ’ဟု ဦးညီညီက ပြောသည်။
ပြိုင်ပွဲတွင် မန္တလေးမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်များကို အင်္ဂလိပ်အက္ခရာ စာလုံးရေ ၁၀ဝ၀၊ ၁၂၀ဝ ခန့်ဖြင့် ကျစ်လစ်သည့် အစီအစဉ်တစ်ခု ရေးသားကာ ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
Smart City ကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ မန္တလေးမြို့တော်ကြီးကို တစ်ဖက်တစ်လမ်းမှ ကူညီအားဖြည့်ဖို့အတွက် နယ်ပယ်အသီးသီးတွင် ရှိကြသော အသက် ၄၅ နှစ်အောက် လူငယ်လူရွယ်တိုင်း တစ်ဦးချင်းဖြစ်စေ၊ အများဆုံး ၅ ယောက်ပါဝင်သည့် အဖွဲ့ဖြစ်စေ အဖွဲ့များ ဖွဲ့ကာ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် ပြိုင်ပွဲဖြစ်ကြောင်း သိရသည်။
‘ပြိုင်ပွဲဝင်ထဲကနေ အကောင်းဆုံးသော စီမံချက်တွေကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှာ တင်ပြပေးသွားမှာဖြစ်ပါတယ်’ဟု ဦးညီညီက ပြောသည်။
ပြိုင်ပွဲဆုရရှိသူများကို ပထမဆု ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ် ၇ သိန်း၊ တတိယဆု ငွေကျပ် ၅ သိန်း ဆုချီးမြှင့်မည်ဖြစ်ပြီး အခုလ ၂၁ ရက်မှာ လျှောက်လွှာပိတ်မည်ဖြစ်ကြာင်း သိရသည်။
ပြိုင်ပွဲဝင်လျှောက်လွှာများကို MRYEA အသင်းရုံးခန်း၊ Royal Light (အလှဆင်လျှပ်စစ်ပစ္စည်း အမျိုးမျိုးရောင်းဝယ်ရေး) ၃၅လမ်း၊ ၇၃ လမ်း × ၇၄ လမ်းကြား၊ Lucky Hotel (၈၄ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား)၊ ထီးလှိုင်ရှင် လုပ်ငန်းစု (အမှတ်-(၇၇)၊ ၆၈ လမ်း, ၃၃ လမ်းနှင့် ၃၄ လမ်းကြား) ၊ Dreamy Fancies ဖန်စီဆိုင် (၆၉ လမ်း ၃၇ လမ်းထောင့်) တို့မှာ လျှောက်လွှာတစ်စောင်ကို ငွေကျပ် ၁၀ဝ၀ဝ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်


