မန္တလေး ၁၀ ဇူလိုင်
မန္တလေးခရိုင် အတွင်းရှိ လိုင်စင်မဲ့ စက်သုံးဆီ အရောင်းဆိုင်များကို ယခုလမှစတင်ပြီး ဖမ်းဆီးသွားမည် ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အဆိုပါ စက်သုံးဆီများကို ဖမ်းဆီးရခြင်းမှာ မီးဘေးအန္တရာယ် စိုးရိမ်ရသဖြင့် ဖမ်းဆီးရခြင်းဖြစ်ပြီး မန္တလေးခရိုင် ခြောက်မြို့နယ်အတွင်းရှိ လိုင်စင်မရှိဘဲ စက်သုံးဆီရောင်းချနေမှုများကိုလည်း ဖမ်းဆီးမည်ဖြစ်သည်။
"မြို့တွင်းမှာ လှည့်လည်ရောင်းချနေတာတွေကို စစ်ဆေးဆေးမယ်။ အရင်တုန်းကလည်း ဒီလိုမျိုးရှင်းဘူးတယ်။ ဒါပေမယ့် ပြန်ပြီး တိုးလာတယ် ခုဆိုရင် လမ်းဘေးမှာ ကားလေးတွေနဲ့ ရောင်းတဲ့ ပန့်ဆိုင်သေးသေးလေးတွေပါ ပေါလာတယ် အဲ့တာတွေက မီးဘေးအန္တရာယ် စိုးရိမ်လာလို့ ဖမ်းဆီးဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်" ဟု စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနယ်နိမိတ် ခြောက်မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ မြို့တွင်းလမ်းများနှင့် နေအိမ်များတွင် စက်သုံးဆီ ရောင်းချနေသည့် ဆိုင်များကို ဇူလိုင်လမှစတင်ကာ စည်ပင်သာယာ အခွန်ဌာန၊ သန့်ရှင်းရေးဌာနနှင့် စည်ပင်သာယာ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူး ပေါင်းအဖွဲ့ဖြင့် မြို့နယ်အလိုက် လိုက်လံဖမ်းဆီး ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။
"တရားမဝင် စက်သုံးဆီရောင်းချတဲ့ ဆိုင်တွေကိုတွေ့ရင်တော့ စည်ပင်သာယာအထူးတရားရုံးကို တရားစွဲဆိုတင်ပို့မယ်။ ပြီးမှ တရားရုံးက ဒဏ်ရိုတာတွေ လုပ်ဆောင်မှာပေါ့" ဟု ၎င်းကဆက်ပြောသည်။
လက်ရှိတွင် မန္တလေးမြို့၌ စက်သုံးဆီကို သုံးဘီယာဉ်များ၊ ခွေးဘီလူး ယာဉ်များဖြင့် လိုက်လံရောင်းချနေသည့် Mobile စက်သုံးဆီအရောင်းဆိုင်များ လမ်းဘေးများတွင် ကျူးကျော်ကာ စက်သုံးစီရောင်းချနေသည့် ဆိုင်များ များပြားလာကြောင်း တွေ့ရသည်။
သူရိန်လင်း


