ပူတာအို  ၁၀   ဇွန်    


ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း မြို့နယ်များတွင်  ဇူလိုင်လ ၇ ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် နောင်မွန်းမြို့နယ် ကဆန်ချောင်း ရေကြီးရေလျှံမှု ဖြစ်ပွားကာ နောင်မွန်းမြို့အဝင်လမ်းမကြီး ပေ(၂၀ဝ) ခန့် ရေကျော်မှုနှင့် မချမ်းဘော-မရုခ-ရပ်ဘော့လမ်းအချို့ နေရာများတွင် ရေကျော်မှုကြောင့် မော်တော်ယာဉ်များ သွားလာ၍ မရဖြစ်နေကြောင်း သိရသည်။


ကဆန်ချောင်းရေကြီးမှုကြောင့် မချမ်းဘော-ဖရုခ-ရပ်ဘော့လမ်းပိုင်း မိုင်တိုင်(၄၂/၄နှင့်၄၃/၆)အတွင်း၊ မိုင်တိုင်(၄၄/၄နှင့် ၄၅/ဝ အတွင်းနှင့် မိုင်တိုင်(၄၆/၂ နှင့် ၄၈/၆)အတွင်း အမြင့်ပေ(၈)ပေခန့် ရေလျှံလျက်ရှိပြီး ကားလမ်းပေါ်ရှိ တံတားအမှတ် (၂/၃၉) ပေ(၈၀)ရှည်တံတားတစ်စင်း၊ တံတားအမှတ် (၇/၄၀)ပေ(၂၁၀)ရှည် (ဘဘော့တံတား) တံတားတစ်စင်း၊ တံတားအမှတ်(၈/၄၇)ပေ(၈၀) ရှည်တံတားတစ်စင်းတို့အပေါ် ခန့်မှန်းရေအမြင့်ပေ(၄)ပေခန့်ရေမြုပ်လျက်ရှိခြင်းကြောင့် မော်တော်ယာဉ်များ သွားရေးလာမှု ပြတ်တောက်လျက်ရှိသည်။


ထို့အပြင် နောင်မွန်းမြို့နယ် မိုင်တိုင်(၄၉/ဝ)ရှိ ရပ်ဘော့ဘေလီကြိုးတံတားကြမ်းခင်းအပေါ် ခန့်မှန်းရေ(၁)ပေခန့် ရေကျော်ပြီး ရပ်ဘော့အုပ်စု၊လုံးခါးကျေးရွာကြိုးတံတားပေ(၂၅၀)ရှည်အား ရေတိုက်စားမှု၊ ဖီးကုပ်တောင်ခြေ (၉၀/ဝ နှင့် ၉၀/၅)ကီလိုမီတာကြား ပေ(၂၀)ခန့်မြေပြိုမှုများနှင့် ရပ်ဘော့ကျေးရွာ၊ရနမ်ချောင်းဘေးရှိလူနေတဲအိမ်(ဝါး၊ထရံ၊သက်ကယ်မိုး) (၂၅'×၁၅') အိမ်(၂)လုံး ပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်ကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိဘဲ ယနေ့တွင် ချောင်းရေ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူပေါင်းအဖွဲ့က ပြည်သူများ သွားရေးလာရေးအဆင်ပြေအောင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆန်းညွန့်(ပူတာအို)