တောင်ကြီး ၁၀    ဇူလိုင်


ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) (တတိယနေ့)ကို ၂၀၁၉ခုနှစ် ဇူလိုင်လ (၁၀) ရက် နံနက်(၁၀)နာရီအချိန်က ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ နှင့်လေ့လာသူများ တက်ရောက်ကြသည်။


ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှတင်သွင်းခဲ့သော ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းများတွင် ပြည်ထောင်စုမှ ထပ်မံထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစာရင်းများနှင့် စပ်လျဉ်း၍ မိုင်းပျဉ်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက ဆွေးနွေးသုံးသပ် အကြံပြုခြင်း၊ ရှမ်းပြည်နယ် လွှတ်တော်ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က  သုံးသပ်အကြံချက်အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်း၊ ပြည်နယ်စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ ပြန်လည်ဆွေးနွေးရှင်းလင်းပြီးနောက် အတည်ပြုပေးနိုင်ပါရန် လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ လွှတ်တော်ကသဘောတူသဖြင့် အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကကြေညာ သည်။ 


၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)