မိုးမောက် ၁၀ ဇူလိုင်
လူငယ်ထုအတွင်း ခြိမ်းခြောက်နေသော မူးယစ်ဆေးဝါး အန္တရာယ်ကို တားဆီးကာကွယ်နိုင်ရန်အတွက် အသိပညာ ရရှိနိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးဖလှယ်တတ်စေရန် ရည်ရွယ်၍ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူးကာ လူငယ်နှင့် မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို အ.ထ.က ကျောင်း ပညာရတနာခန်းမ၌ ဇူလိုင်လ ၁၀ ရက် နံနက်(၉) နာရီခွဲအချိန်တွင် ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးဝင်းအောင် က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုင်းမြတ်ထွန်း၊ မြို့နယ် ရဲးမှူး ဦးထွဋ်ထွဋ်အောင်၊ ဒေါက်တာလှအောင်၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မျိုးကျော် နှင့် မြို့နယ်ဉပဒေအရာရှိ ဦးအောင်ကောင်း တို့က လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းကို ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးကြသည်။
ဆက်လက်ပြီး သိလိုသည်များမေးမြန်းရာ မနှင်းနေခြည်ထွန်း(၈ တန်း)က မူးယစ်ဆေးဝါးသုံးစွဲသူ စိတ်ဂယောင်ခြောက်ခြားဖြစ်ပြီး လူသတ်မှုကျူးလွန်ပါက ပြစ်မှုပြစ်ဒဏ် မည်မျှကျရောက်မည်ကို သိရှိလို၍ မေးမြန်းရာ ဉပဒေအရာရှိ ဦးအောင်ကောင်းက ပြစ်မှုပြစ်ဒဏ်အကြောင်း ပြန်လည်ရှင်းလင်းပြောကြားခြင်း၊ မမွန်းမိုင်(၉ တန်း)မှ မူးယစ်ဆေးစွဲသူသည် ဆေးဖြတ်နိုင်ပါသလား ဟု မေးမြန်းရာ ဒေါက်တာလှအောင်က ဆေးဘက်ဆိုင်ရာအမြင်ဖြင့် ပြန်လည်ဖြေကြားခြင်း၊ မောင်စည်သူဟိန်း(၉တန်း)က မူးယစ်ဆေးဝါး ပပျောက်အောင် မည်ကဲ့သို့ဆောင်ရွက်သင့် သည်ကိုမေးမြန်းရာ မြို့နယ်ရဲမှူး ဦးထွဋ်ထွဋ်အောင်က လူတစ်ဦးချင်း မူးယစ်ကင်းစင်ပါက ပပျောက်နိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခြင်း၊ မဆိုင်းမွန်းပန်ဇင် (၈ တန်း) က မိခင် ၊ ဖခင် ကAIDS ရောဂါ ရှိပါက မွေးဖွားလာမည့် ကလေးအား ကူးစက်နိုင်မှုရှိ/မရှိ မေးမြန်းရာ ဒေါက်တာလှအောင်က မိခင်ကာကွယ်ဆေး သောက်သုံးထားပါက ကလေးအားကူးစက်နိုင်မှုမရှိကြောင်း ပြန်လည်ဖြေကြားခြင်းနှင့် မောင်အောင်သန့် (၈တန်း)က ကလေးသူငယ်ဆိုင်ရာ ပြစ်မှုပြစ်ဒဏ်သိလို၍ မေးမြန်းရာ ဉပဒေ အရာရိ ဦးအောင်ကောင်းမှ ပြန်လည်ဖြေကြားသည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ကျောင်းသူ/သားများ စုစုပေါင်း(၃၀ဝ) ကျော် တက်ရောက်ခဲ့ပြီး ဟောပြောပွဲသက်သက်မဟုတ်ဘဲ ယခုလိုမေးမြန်းဆွေးနွေးနိုင်သဖြင့် အတွေ့အကြုံသစ်များ ရရှိကြောင်း ပြောကြားခဲ့သည်ကို ကြားသိရပါသည်။
လွန်းနန်းထွေး
မြို့နယ်ဦးစီးမှူး


