ပုသိမ် ၁၀  ဇူလိုင်  

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုး ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများ၊ မျိုးစေ့ထုတ်ခြံတာဝန်ခံများ၊ စိုက်ကွင်းတာဝန်ခံများနှင့် တွေ့ဆုံပွဲကို ယနေ့ ညနေပိုင်းက တိုင်းစိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ  တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးဇော်က ၂၀၁၈-၂၀၁၉ ခုနှစ် လယ်ယာကဏ္ဍ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ခရိုင်အလိုက် မိုးရွာသွန်းမှု အခြေအနေ၊ ၂၀၁၈ ခုနစ် မိုးစပါးတွင် စီးပွားဖြစ် မျိုးသန့်မျိုးစေ့(CS) စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ၊ ၂၀၁၈-၂၀၁၉ ခုနှစ် မိုးစပါးတွင် စီးပွားဖြစ်မျိုးသန့်မျိုးစေ့(CS) စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ၊ ၂၀၁၈-၂၀၁၉ ခုနှစ် မိုးစပါးရာသီ နည်းပညာပေးစံပြကွက်များ၊ ဆောင်ရွက်မည့် အစီအစဉ်၊ ၂၀၁၈ ခုနှစ် တောင်သူပညာပေး စမ်းသပ်ကွက်များ ဆောင်ရွက်မှု အခြေအနေနှင့် ၂၀၁၈-၂၀၁၉ ခုနှစ် ဆောင်ရွက်မည့် အစီအစဉ်များ၊ မြေဆီလွှာ တိုးတက်ကောင်းမွန်ရေးအတွက် မြေဆီလွှာ အာဟာရဓာတ် စစ်ဆေးမှု အခြေအနေ၊ သွင်းအားစုပစ္စည်းများ အရည်အသွေး ပြည့်မီရေးနှင့် အတုအပ ကင်းစင်ရေးအတွက် အရောင်းဆိုင်များ စစ်ဆေးကြီးကြပ်မှု အခြေအနေ၊ စပါးခွံမြေဆွေးပြု လုပ်ဆောင်မှု အခြေအနေ၊ လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် လိုအပ်သော စက်ကိရိယာ ချေးငွေကိစ္စ အသေးစိတ် စာရင်းများ၊ ဧရာဝတီတိုင်းဒေသကြီး ဆီဖူလုံမှုအခြေအနေ၊ ဧရာဝတီတိုင်းဒေသကြီး သီးနှံစိုက်စွမ်းအားအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က လမ်းညွှန်မှာကြားပြီး စီမံ/ဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းတို့က စိုက်ရေး၊ ပျိုးရေးဆိုင်ရာ လုပ်ငန်များကို ရှင်းလင်း ဆွေးနွေးမှာကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးဇော်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးများ၊ မျိုးစေ့ထုတ်ခြံတာဝန်ခံများ၊ စိုက်ကွင်းတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မောင်မောင်မြင့်(ပြန်/ဆက်)

 

1