ချောင်းဆုံ ၁၀ ဇူလိုင်
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အတွင်းရှိ ကလေးသူငယ်များအား မုဒိမ်းမှုကျူးလွန်ခြင်းမှ ကြိုတင်ကာကွယ်တတ်စေရန်အတွက် အသိညာပေးဆွေးနွေးပွဲကို ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ နှင့် NGO အဖွဲ့အစည်းများ ပူးပေါင်းပြီး ယနေ့ နံနက် ၁၀ နာရီက ကလော့ကျေးရွာအုပ်စုအပြိုင် (အ.မ.က)ကျောင်းတွင် ကျင်းပရာ မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက အမှာစကား ပြောကြားပြီး ကလေးငယ်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများရှိ ထိတွေ့ကိုင်တွယ်ရန် မသင့်လျော်သည့် နေရာများအား တစ်စုံတစ်ဦးမှ ကိုင်တွယ်ပါက ငြင်းဆန်တတ်ရန် အော်ဟစ်အကူအညီတောင်းရန် ထွက်ပြေးရန်နှင့် ယုံကြည်ရသူတစ်ဦးအား ပြောပြတိုင်ကြားရန်စသည့် အချက်များအား ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ၊ အတွင်းရေးမှူး ဒေါ်ကြည်ကြည်မြနှင့် ရွှေကျွန်းသာ ကွန်ရက်မှ တာဝန်ခံ ဦးသန့်ဇင်ဝင်း တို့က အသိပညာပေး သရုပ်ပြမှုများ၊ အမေးအဖြေများ ပြုလုပ်ပေးခဲ့သည်။
ထို့နောက် ကလေးငယ်များအား လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်းနှင့် အလားတူ အသိပညာပေး ဆွေးနွေးပွဲကို ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် မုဒွန်း(အ.ထ.က)ကျောင်း၌ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရှိရသည်။
MDN


