ပြည် ၁၀ ဇူလိုင်
ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သက်ငယ်မုဒိမ်းမှုကင်းစင်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ အသိပညာပေးနံရံကပ် စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်မြို့(ပန်းဘဲတန်း)မူလတန်းလွန်ကျောင်းနှင့် နေ့လယ်ပိုင်းတွင်(ကိုးသောင်း) မူလတန်းလွန် ကျောင်းတို့၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ရှေးဦးစွာ ခရိုင်ပြန်/ဆက်မှ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့် က မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကလေးများအား အထွေထွေဗဟုသုတများ ရရှိစေမည့် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်ရန် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ဆရာဆရာများနှင့် ကျောင်းကျောင်းသူများကို သက်ငယ်မုဒိမ်းမှုကင်းစင်ရေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဆွေးနွေးဟောပြောသည်။
ယင်းနောက် ခရိုင်ပြန်/ဆက် ဝန်ထမ်းများက ကလေးများအား ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်နှင့် ဘုတ်ပြားပြဇာတ် စသည့်ပုံပြောနည်းသုံးမျိုးတို့ဖြင့် စိတ်ဝင်စားဖွယ် ပုံပြင်များပြောပြပြီး ကလေးများနှင့်အတူ ကဗျာရွတ်ဆို၍ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် ကလေးများက နယ်လှည့်စာကြည့်တိုက်မှ စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြပြီး ခင်းကျင်းပြသထားသော သဘာဝဘေး အန္တရာယ်ကာကွယ်ရေး ဆိုင်ရာများ၊ သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုကြသည်။ ခရိုင်ပြန်/ဆက်မှ အဆိုပါ ကျောင်းနှစ်ကျောင်းအတွက် ကလေးများ ဖတ်ရှုလေ့လာနိုင်ရန် စာအုပ်စာစောင်(၁၁၃)အုပ်စီ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)


