နေပြည်တော်  ၁၀   ဇူလိုင် 


မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကျေးရွာပိုင် ကွင်းအမှတ်(၁၉)(ခ)ကွင်း သောင်နုမြေများကို လယ်သမား(၇)ဦးအား စုစုပေါင်း ငွေကျပ် ၄၄၀ဝ၀ဝဝ ဖြင့် ရောင်းချခဲ့ခြင်း၊ ၂၀၁၈ ခုနှစ် မိုးရာသီတွင် ပျက်စီးဆုံးရှုံးခဲ့သော လယ်မြေ ၁၇၂၆ ဧကအတွက် နိုင်ငံတော်မှ တစ်ဧကလျှင် ငွေကျပ် ၈၅၀ဝိ/-နှုန်းဖြင့် ထောက်ပံ့ ကူညီငွေများမှ တစ်ဧကလျှင် ၁၀ဝဝ နှုန်းဖြင့် လယ်သမား (၁၃)ဦး ထံမှ စုစုပေါင်း ငွေကျပ် ၁၄၅၀ဝဝ တောင်းခံခဲ့ခြင်းတို့အား စစ်ဆေးအရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးသို့ တိုင်ကြားခဲ့သည်။


တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်သည် ကျေးရွာပိုင် သောင်နုမြေအတွင်း မြေပိုများအား လယ်မြေရရှိခြင်း မရှိသော ရွာသားများထံ ရောင်းချခဲ့ရာတွင် ရွာသား(၄)ဦးထံမှ စုစုပေါင်း ငွေကျပ် ၂၉၅၀ဝ၀ဝ ရယူ၍ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း၊ လုပ်ကိုင်လျက်ရှိသော လယ်မြေ ကို ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ငွေကျပ် ၄၀ဝ၀ဝဝ ကို တောင်းခံရယူခဲ့ခြင်း၊ လယ်ယာမြေ လုပ်ကိုင် ခွင့်ပြု လက်မှတ်ပုံစံ(၇) လျှောက်ထားရန် ပုံစံ(၁)ရရှိရေးနှင့် လယ်မြေအရောင်းအဝယ်စာချုပ်အသစ် ချုပ်ဆိုရန် အတွက် ငွေကျပ် ၆၇၀ဝ၀ဝ ကို တောင်းခံရယူခဲ့ခြင်း၊ လယ်ယာမြေ လုပ်ကိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) လျှောက်ထားရန်အတွက် ငွေကျပ် ၅၅၀ဝ၀ဝ ကို တောင်းခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲ သုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇင် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ တောင်စွန်း ရဲစခန်းတွင် ၁၀-၇-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


MDN