မန္တလေး ၁၀ ဇူလိုင်
မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာဈေးအတွင်း အရောင်းအဝယ်လုပ်နေကြသူများအတွက် အင်တာနက် ဆက်သွယ်ရေး ကုမ္ပဏီများအား တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇော အောင်က ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက အဆိုပါ ကျောက်ဝိုင်းအတွင်း တရုတ်နိုင်ငံသား တစ်ဦးနှင့် နိုင်ငံသားတစ်ဦးတို့က ခွင့်ပြုချက်မရှိဘဲ အင်တာနက် ချိတ်ဆက်၍ ဝန်ဆောင်မှုပေးနေသည်ကို စစ်ဆေးတွေ့ရှိပြီးနောက်ပိုင်း ယခုလိုဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
“အင်တာနက်ရရှိဖို့စည်ပင်က တင်ဒါပစ်မယ်။ နည်းပညာရှင်တွေနဲ့ တိုင်ပင်နေပါတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇော အောင်က ပြောသည်။
တင်ဒါခေါ်ယူရာတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မည်ဖြစ်ပြီး တင်ဒါအောင်သည့် ကုမ္ပဏီသုံးခု လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
"တစ်ဦးထဲဆိုရင် လက်ဝါးကြီးအုပ်မှာစိုးလို့ ကုမ္ပဏီ ၃ ခုလောက်ကို တင်ဒါခေါ်မယ်'' ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇော အောင်က ပြောသည်။
မဟာအောင်မြေ ကျောက်ဝိုင်းတွင် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် MPT မှ ဆက်သွယ်ထားသည့် ကြိုးပေါင်း ၁၀ဝ ကျော်ခန့်ရှိပြီး အခြားဆက်သွယ်ရေးကုမ္ပဏီ များမှ ဆက်သွယ်ရေး ကြိုးပေါင်း ၁၀ဝ ကျော်ရှိကြောင်း သိရသည်။
ခွင့်ပြုချက်မရှိဘဲ အင်တာနက် ချိတ်ဆက်၍ ဝန်ဆောင်မှုပေးသည့် တရုတ်နိုင်ငံသားကို မန္တလေးစည်ပင်သာယာရေး ကော်မတီမှ ဒဏ်ငွေ ၅ သိန်း ဒဏ်ရိုက်ခဲ့ပြီး လဝက ဥပဒေဖြင့် သက်ဆိုင်ရာမှ အရေးယူထားကြောင်း သိရသည်။
အိမို့မို့ခိုင်


